ကယ်လီဖိုးနီးယား စီလီကွန်ဗယ်လီကကျောင်းမှာ ကွန်ပျူတာလုံးဝမသုံးပါ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လို့စ်အယ်တို့စ်မှာရှိတဲ့ စီလီကွန်ဘယ်လီ ကကျောင်းမှာကွန်ပျူတာစက်တွေလုံးဝအသုံးမပြုပါဘူး။နောက်ပြီးစာသင်ခန်းတွေမှာရော လက်တွေ့အခန်းတွေမှာပါ အဆင့်မြင့်နည်းပညာသုံးကိရိယာတွေတစ်ခုမှတပ်ဆင်ပေးထားတာ မရှိပါဘူး။ ဒါအခုမှမဟုတ်ပါဘူး။ ဒီကျောင်းစဖွင့်တည်းကဆိုတော့ နှစ်တွေအတော်ကြာသွားပြီပေါ့ အဲ့ဒီကျောင်းကိုရောက်လို့ ကလေးတွေ စာသင်ခန်းထဲကို ခင်ဗျားဝင်ကြည့်လိုက်ရင် အရင်ဆုံးခင်ဗျား မျက်စိ ရှေ့တည့်တည့်မှာ ဘွားခနဲမြင်လိုက်ရမှာက ခင်ဗျားတို့ ကျွန်တော်တို့ငယ်ငယ်တုန်းကအရေးပါခဲ့ တဲ့ နံရံကပ်ကျောက်သင်ပုန်းအမည်းကြီးကိုပဲ ဖြစ်ပါတယ်။ နောက်ဘေးဘီဝဲယာကို နောက်ထပ် မျက်စိနည်းနည်းကစားကြည့်လိုက်ရင်တော့ သစ်သားနဲ့လုပ်ထားတဲ့ နံရံကပ်စာအုပ်စင်ကြီးတွေကို စာသင်ခန်းရဲ့လက်ယာဘက်နံရံမှာကပ်ထားပြီး အဲ့ဒီစာအုပ်စင်ကြီးတွေအပေါ်မှာ ကွန်ပျူတာသုံး ဆော့ဖ်ဝဲတွေ၊ ဗီဒီယိုတွေ၊ ဟတ်ဒစ်စ်တွေ တွေ့ရမှာမဟုတ်ဘဲ စာအုပ်တွေချည်း ဘာသာရပ်အလိုက် စီကာစဉ်ကာ ကပ်ထောင်ထားတာတွေ့ရမှာပါ။ နောက်ကျောင်းသားတွေ ထွေလီကာလီအမှိုက်တို့ စက္ကူစုပ်ကိုပြစ်စရာ အမှိုက်ပုံးဆိုတာလည်း ပလက်စတစ်ပုံးမဟုတ်ဘူးဗျ။ ကြိမ်နဲ့ရက်ထားတဲ့ ကလေးပုခတ် ပုံစံစောက်နက်နက် ကြိမ်ခြင်းတောင်းတွေဗျ။ ဒါကျောင်းသာတွေရဲ့အမှိုက်ခြင်းတွေဘဲ။ ကျောင်းသားတွေစာသင်ဖို့ ထိုင်ရတဲ့ခုံကလည်း ခေတ်မီဖိုက်ဘာခုံတွေ ဆိုဖာတွေတပ်ထားတဲ့  သံထိုင်ခုံတွေလည်းမဟုတ်ဘူးဗျာ။ သစ်အမှုန့်နဲ့လုပ်ထားတဲ့ သစ်သားခုံတွေပဲလို့ ဆိုကြပါစို့။ ထူးထူး ခြားခြားပါပဲ။

အဲဒီကျောင်းက စာသင်ခန်းတွေထဲကို ကွန်ပျူတာယူဆောင်လာခွင့်မရှိပါဘူး။ ဒါတင်းကျပ်တဲ့ စည်းကမ်းလို့ ဆိုတယ်ဗျာ။ ပိုဆိုးတာက အိမ်မှာ ကွန်ပျူတာသုံးတာ သိရင်တောင် ဆရာတွေက သိပ်မကျေနပ်ဘူးလို့ သိရပြန်သေးတယ်။ စာသင်ချိန်တွေမှာဆိုလည်း ကျောင်းသားတွေ အဓိကအသုံးပြုနေကြတာလျှပ်စစ်စာအုပ်တွေ၊ လျှပ်စစ်အဘိဓာန်တွေမပါဘူး။ ခဲဖျက်ရယ်၊ ခဲတံရယ်၊ ဗလာစာရွက်တွေနဲ့ပဲ ရိုးရိုးရှင်းရှင်းသင်ယူကြရတာပါ။ ဆရာလုပ်သူကလည်း သင်ပုန်းအနက်ကြီးမှာ ဟိုတုန်းကလိုပဲ မြေဖြူအဖြူရောင်ရယ် တစ်ခါတစ်ရံ လိုအပ်ရင် ရောင်စုံမြေဖြူချောင်းတွေသုံးပြီး ကျောင်းသားတွေကို ဘာသာရပ်အလိုက် သင်ကြားပေးသွားတာပါပဲ။ အဲဒီထူးထူးဆန်းဆန်းကျောင်းရဲ့ နာမည်က Waldorf School လို့ခေါ်ပါတယ်။ အလားတူ Waldorf ကျောင်းပေါင်း အမေရိကန်ပြည် ထောင်မှာတင် ၁၆၀ အထိဖွင့်ထားပြီးနေပြီ။ အဲဒီကျောင်းရဲ့ပညာရေးစနစ်ကိုတော့ တိတိပပပြောရ လျှင် Waldorf Education လို့ခေါ်ပါတယ်။ (Steiner Education) လို့လည်းနာမည်ကြီးပါသေးတယ်) ဥရောပတိုက်သား သြစကြီးယန်းတစ်ယောက်ဖြစ်သူ ပညာရေးအတွေးအခေါ်ပညာရှင် Rudolf Steiner စတင်ထူထောင်ခဲ့တဲ့ ပညာရေးစနစ်ပါ။ Rudolf နာမည်ကို အစွဲပြုပြီး Waldorf School တွေ ကမ္ဘာ့အနှံပေါ်ပေါက်လာခဲ့တာပါ။ ပထမဆုံးဖွင့်ခဲ့တဲ့ကျောင်းကတော့ ၁၉၁၉ ခုနှစ်က ဂျာမနီ နိုင်ငံ စတုဂတ်မြို့မှာဖွင့်လှစ်ခဲ့တာပါ။

အဆိုပါ Waldorf သင်ကြားရေးစနစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာအသုံးပြုပြီး ဖန်တီးရတဲ့ လူသားရဲ့ စွမ်းရည်ကို ဘယ်လိုမြှင့်တင်နိုင်သလဲဆိုတဲ့ အချက်က ပထမအဆင့်ပါ။ ဆိုလိုတာမိမိကိုယ်ပိုင်ခြေ လက်၊ နား၊ မျက်စိတွေကိုသုံးပြီး ဖန်တီးနိုင်တဲ့စွမ်းရည်ကို ဆိုလိုတာပါ။ နည်းပညာအကူအညီမပါ ပါဘူး။ နောက်နှလုံးသားရဲ့ခံစားမှုက ထွက်ပေါ်လာတဲ့ မမြင်နိုင်တဲ့ကိစ္စမျိုးတွေကို လက်ရှိရုပ်ပစ္စည်း တစ်ခုဖြစ်လာအောင် ဘယ်လိုအဆင့်ဆင့်ဖန်တီးယူရသလဲဆိုတာရယ် စတဲ့အခြေခံစွမ်းအင်ကို မြှင့်တင်ပေးတဲ့ ပညာရေးစနစ်မျိုးပါ။ ကျောင်းသားတစ်‌ယောက်က သူ့ကိုယ်သူ ဘာလုပ်နိုင်သလဲ၊ ဘယ်နေရာမှာတော့ မစွမ်းဘူးစတဲ့အဖြေကို ကိုယ်ကိုယ်တိုင် ပြန်ပြီးရှာတွေ့အောင်ခိုင်းတဲ့ စနစ်ပဲဆိုရ မှာပါ။

ဒီပညာရေးပုံစံဟာ ရာစုတစ်ခုတောင်ကြာသွားခဲ့ပါပြီ။ ဒီနေ့တိုင်လည်း အငြင်းပွားမှုတွေရှိ ဆဲပါ။ အဓိကပြဿနာက ကွန်ပျူတာရဲ့အခန်းကဏ္ဍကို ပေါင်းစပ်မှုယူသင့်မယူသင့် ပြဿနာပါ။ Waldorf ကျောင်းသားဖခင်တစ်ဦးဖြစ်သူ အလန်အီးဂဲလ်အသက်  ၅၀ က ပြောကြားရာမှာတော့ သဒ္ဒါသင်တဲ့ ကျောင်းတစ်ကျောင်းမှာ ကွန်ပျူတာမလိုတာတော့  ကျွန်တော်သေသေချာချာ သိပါတယ် လို့ပြောပါတယ်။ သူရဲ့သမီးအန်ဒီဟာ ယခုနှစ် Waldorf ကျောင်းရဲ့မူလတန်းကျောင်းသူ ၁၉၆ ယောက် ထဲက တစ်ယောက်အပါအဝင်ပါ။ သားကြီးဝီလျံကတော့ အခြားကျောင်းမှာတက်နေတယ်။ သားတို့ ကျောင်းမှာတော့ iPad တစ်ခုဘယ်လိုသုံးသလဲဆိုတာအထိ သင်ကြားပေးနေတယ်လေ။ ဒါပေမယ့် အချိန်နည်းနည်းတော့စောင့်ကြည့်ပါဦးမယ်လို့ ပြောပါတယ်။

ကျောင်းသားဖခင်အထက်က ဆိုခဲ့သူ မစ္စတာအလန်အီးဂဲလ်ဆိုတာကလည်း ခေတ်မီနည်း ပညာခေတ်ထဲက လူသားတစ်ဦးပါ။ ကွန်ပျူတာ သိပ္ပံဘွဲ့နဲ့ ဒတ်မော်သ်ကနေဘွဲ့ရပြီး ဂူဂဲလ်ကုမ္ပဏီ ကြီးရဲ့ အရာရှိဝန်ထမ်းတစ်ယောက်ပါ။ သူက Waldorf ကျောင်းရဲ့ ဥက္ကဋ္ဌကြီးထံ ဤသို့ပြောဆိုပါတယ်။ ကျွန်တော့်အနေနဲ့ ipad ရော၊ စမတ်ဖုန်းတွေပါ နေ့စဉ်အသုံးပြုရတဲ့သူပါ။ ဒါပေမယ့် ကျွန်တော်သမီး ငါးတန်း ကျောင်းသူကတော့ ဒီပစ္စည်းတွေမသုံးတတ်သေးပါဘူး၊ သားကြီးကတော့ လေ့လာနေတဲ့ အဆင့်ပါလို့ ဆိုပါ တယ်။ (Waldorf ကျောင်းမှာ ခုနစ်တန်းအဆင့်ကို ကျော်သွားပြီဆိုရင်တော့ ဒီလိုပစ္စည်းမျိုးတွေ အကန့် အသက်နဲ့ သုံးခွင့်ပေးပါတယ်)

အဲဒီကျောင်းရဲ့ ကျောင်းသားလေးပုံသုံးပုံရဲ့ မိဘတွေကိုယ်၌ကလည်း အခြားမိဘတွေလိုပဲ စိတ်ကူးတူ ပါတယ်။ ဒါပေမယ့် သူအယူအဆက ဒီလိုပါ။ နည်းပညာလိုအပ်ချက်ဆိုတာ အချိန်ကာလရယ်၊ နေရာရယ်နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ မလိုအပ်သေးတဲ့ အချိန်ဆိုတာသီ;သန့် ရှိပါတယ်လို့ ဆိုပါတယ်။ ကျွန်တော့်ကို နေ့စဉ်နည်းပညာသစ်တွေနဲ့ ထိတွေ့နေရတယ်။ ဒါပေမယ့် ကျွန်တော့်သားသမီးတွေကို စိတ်ဖွံ့ဖြိုးဖို့အတွက် လောလောဆယ် ဒါတွေမလိုသေးဘူးလို့ ထင်ပါတယ်။ ပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်လုပ်ဆောင်ပေးဖို့ရာ အဓိကပါ။ သူတို့အသက် ၁၇ နှစ်ကျော်သွားရင်တော့ ဒါတွေတစ်မျိုးဖြစ်သွားမှာပါပဲ။

                ဘာအကြောင်းတွေ ဘယ်လိုပဲရှိပါစေ Waldorf ကျောင်းတွေကတော့ ရိုးရှင်မှုကို ဖက်တွယ်ထားဆဲ ပါ။ အမည်းရောင်သင်ပုန်းကြီးရယ်၊ ရောင်စုံခဲတံတွေရယ်၊ စာအုပ်စင်တွေရယ်နဲ့ လူသားရဲ့အရင်းမြစ်ဗီဇကို သာ နက်နက်ရှိုင်းရှိုင်းရှာဖွေဖော်ထုတ်ပြီး ကျောင်းသားလေးတွေရဲ့ ဗီဇရင်းကို ပုံမပြောင်းစေဘဲ အကောင်းဆုံး တွေးခေါ်ပုံ ဖန်တီးခံစားပုံ အစရှိတဲ့ သဘာ၀မလွန်တဲ့ နည်းလမ်းတွေကိုသာ တွင်တွင်သုံးပြီး ခေါင်းမာမာနဲ့ ရှေ့ဆက်နေဦးမှာဖြစ်ပါတယ်။

Ref:AP

Translated by Nicolas K

Leave a Reply

Your email address will not be published.