ကြေးသွန်းကြသူများ

လင်းသူ (ပန်းကန်ကျွန်း)

ဘုရားမတင်၊ ခေါင်းမဆင်၊ လူထွင်ဆယ်ပွင့်ပန်း ဟူသည့် ဆိုစကားရှိပါသည်။ မြန်မာ့ရိုးရာ လက်မှု ပညာများကို ရည်ညွန်းပြောဆိုကြခြင်းဖြစ်ပြီး ပန်းဆယ်မျိုးဟုခေါ်ကြပါသည်။ လက်မှုပညာ ပန်းဆယ်မျိုး မှာ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းပု၊ ပန်းပွတ်၊ ပန်းရန်၊ ပန်းချီ နှင့် ပန်းယွန်း တို့ ဖြစ်ကြသည်။ “ပဲ၊ တိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ် ချီ ယွန်း” ဟူ၍လည်း ရှေးပညာရှင်များက ရေးသားခဲ့ကြသည်။ ထိုပန်းဆယ်မျိုး ပညာရပ်များသည် မြန်မာပြည်အနှံ အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံတည်ရှိ နေကြပြီး တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း တည်ရှိ နေခြင်းမျိုးက ရှားပါးလှသည်။ မြို့တော်မန္တလေး တွင်မူ ပန်းဆယ်မျိုးပညာရပ်များသာမက ဆင့်ပွားအနုပညာ လုပ်ငန်းများကိုပါ လေ့လာတွေ့့ရှိရသည်။ မန္တလေးမြို့ တစ်နေရာတည်းနှင့်ပင် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာများ ရိုးရာလက်မှုပညာ အမွေအနှစ်များကို စူးစမ်းလေ့လာနိုင်သဖြင့် ယဉ်ကျေးမှုမြို့တော်ဟူ၍ပင် အမည်ပေး သတ်မှတ်ထားကြရခြင်း ဖြစ်ပေသည်။ စာရေးသူမှာ မြို့တော်မန္တလေးသိို့့ လုပ်ငန်းကိစ္စဖြင့် ယခုလပိုင်းတွင်ရောက်ဖြစ်ခဲ့ပါသည်။ ထိုသို့ ခရီးကြုံခိုက်တွင် ကြေးကို အရည်ကျိုပြီး ဆင်းတုတော်များ သွန်းလုပ်ဆောင်ရွက်ကြသည့် ပန်းတဉ်းပညာရှင်များထံသို့ ဝင်ရောက် လေ့လာခဲ့သည့် အတွေ့အကြုံများကို ပြန်လည်တင်ပြလိုက်ပါသည်။

ကြေးသွန်းပညာ

ကြေးသွန်းပညာရပ်သည် မန္တလေးမြို့သို့ ရခိုင်ပြည်မှ မဟာမြတ်မုနိဘုရားကြီးနှင့်အတူ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။  ဗမာရှင်ဘုရင် ဘိုးတော်ဦးဝိုင်းလက်ထက် ရခိုင်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ပြီး သည့်နောက် မဟာမြတ်မုနိကြေးသွန်းဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာခဲ့သည်။ (ရခိုင်လူမျိုးများက မန္တလေးမဟာမြတ်မုနိကို ရှင်ကျော်ဘုရား ဟု ခေါ်ကြသည်။ မဟာမြတ်မုနိ ဘုရားအစစ်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်သာ ရှိသည်ဟုဆိုကြပါသည်။) ထိုသို့ပင့်ဆောင်ရာတွင် ကြေးသွန်းပညာရပ်ကို တတ်ကျွမ်းသည့် ရခိုင်လူမျိုးပညာရှင်များကိုပါ တပါတည်းခေါ်ဆောင်လာခဲ့သည်။ ယင်းပညာရှင်များမှတဆင့် ကြေးသွန်းသည့် အတတ်ပညာများသည် မန္တလေးတွင် အခြေတကျ ပြန့်ပွားလာခဲ့ခြင်းဖြစ်ကြောင်း ကြေးသွန်း ရပ်မှ ပညာရှင်များ၏ ပြောဆိုဆွေးနွေးချက်အရ သိရသည်။ ဗမာတို့၏ ကြေးသွန်းပညာရပ်သည် ပုဂံခေတ် ထွန်းကားစဉ်ကတည်းက ရှိခဲ့သည် ဟုလည်း စာပေများတွင် ဖတ်ရှု့ရပါသည်။

ရွှံ့နဲ့အထပ်ထပ်မံပြီး ပုံကြမ်းလောင်းရပါတယ်

ကြေးသွန်းလုပ်ငန်း

ကြေးကိုအရည်ကျို၍ပုံစံအမျိုးမျိုး သွန်းလောင်းခြင်းဖြစ်ပြီး ပန်းတဉ်းပညာရပ်ဟုခေါ်သည်။ လုပ်ကိုင် ဆောင်ရွက်သည့်အရပ်ကို ကြေးသွန်းရပ်ဟုခေါ်တွင်ကြသည်။ ကြေးသွန်းရပ်တွင် ဘုရား ဆင်းတုတော် များ၊ မောင်း၊ ခေါင်းလောင်း၊ လင်ကွင်း၊ ကြေးစည်၊ ဆည်းလည်(ဆွဲလွဲ) စသည် တို့ကို သွန်းလောင်း ပြုလုပ် ကြသည်ကို တွေ့ရသည်။ ချမ်းမြသာစည်မြို့နယ် အတွင်းတွင် တည်ရှိခြင်း ဖြစ်ပြီး ခတ္တန်းရပ်ဟုလည်းကောင်း၊ ကြေးသွန်းရပ်၊ ပန်းတဉ်းတန်း စသည်ဖြင့် လည်းကောင်း အရပ်ကို အစွဲပြု၍ခေါ်ကြသည်။ တမ္ပဝတီဦးဝင်းမောင်၊ တမ္ပဝတီဦးမြင့်သူတို့သည် ပန်းတဉ်းတန်းသားများ ဖြစ်ကြပြီး ကြေးသွန်းပညာရပ်နှင့်ပတ်သက်၍ သုတေသန စာတမ်းများ ရေးသားခြင်း၊ စာတမ်းများ ဖတ်ကြားခြင်း တို့ကို ဖော်ထုတ်ပြုရာတွင် ထင်ရှားသည့် ပညာရှင်များ ဖြစ်ကြသည်။

ကြေးသွန်းအတတ်ပညာရပ်များသည် ရှေးယခင်နှစ်ပေါင်းများစွာက မြန်မာပြည်အနှံပျံ့နှံ့ တည်ရှိခဲ့ သော်လည်း ယခုအချိန်တွင် မန္တလေးမြို့တမ္ပဝတီတွင်သာ တစ်စုတစ်စည်း တည်ရှိ လုပ်ကိုင်လျက်ရှိနေပြီ ဖြစ်သည်။ တမ္ပဝတီတွင် ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သည့်လုပ်ငန်း တစ်ရာကျော်ခန့်ရှိသည်။ လုပ်ငန်းကို အငယ်၊ အလတ်၊ အကြီး ဟု သုံးမျိုး ခွဲရမည်ဖြစ်သည်။ မိုလောင်းပြီး လုပ်ကိုင်ခြင်းကို လုပ်ငန်းငယ်၊ ၃ ပေမှ ၆ ပေ အထိ သွန်းလောင်းခြင်းကို လုပ်ငန်းအလတ်၊ ၆ ပေမှ အထက်ကို လုပ်ငန်းကြီးဟု သတ်မှတ်ကြသည်။ လုပ်ငန်းကြီးလုပ်ကိုင်သူမှာ အနည်းငယ်သာ ဖြစ်ပြီး အငယ်စားနှင့် အလတ်စားသမားက ပိုမိုများပြားသည်။ အငယ်သမားတွင် အရည်အတွက် များစွာထုတ်လုပ်ရသဖြင့် မိုလောင်းပြီးပြုလုပ်လေ့ရှိသည်။ ကြေးသွန်းသည့် လုပ်ငန်းချင်း တူညီသော်လည်း ဘုရားဆင်းတု သွင်းလောင်းခြင်းနှင့် ခေါင်းလောင်းကဲ့သို့ ဘာသာရေး အသုံးဆောင်ပစ္စည်း ထုတ်လုပ်ခြင်းဟူ၍ နှစ်မျိုး ခွဲနိုင်ပါသည်။

ကြေးသွန်း ဘုရားပြုလုပ်မယ့် မိုအသေးတစ်ခုကိုတွေ့ရစဉ်

ကုန်ကြမ်း

မော်တာဒိုင်နမို၊ ကြေးနှင့်ပတ်သက်သည့်စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် အဓိက အသုံးပြု ရသည်။ ကြေးနီ စစ်စစ်ကို အဝါရောင်သို့ပြောင်းစေရန် ဇင့်ဖြင့်စပ်ပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။ ကုန်ကြမ်းကို အနယ်နယ်အရပ်ရပ်ရှိ အဝယ်ဒိုင်များမှ ပြန်လည်ရယူသည်။ ကုန်ကြမ်းစျေးမှာ ပြည်ပဒိုင်ကြီးများမှ အဝယ် များလျှင် စျေးတက်လေ့ ရှိသဖြင့် အတက်အကျ မမှန်ပေ။ ပြည်ပဆိုသည်မှာ တရုတ်စက်ရုံများမှ ပြန်လည် ဝယ်ယူကြခြင်းကို ဆိုလိုသည်။ ထိုစက်ရုံများအနေဖြင့် ကုန်ကြမ်းလိုအပ်ချက် မြင့်မားသည့်အတွက် ကြိုက်စျေး ပေးဝယ်နိုင်ကြသည်။ ထို့အတွက် ဒေသခံ လုပ်ငန်းငယ်သမားများမှာ ကြီးစွာအခက်အခဲ ကြုံကြရသည်။ ပြည်တွင်းမှကုန်ကြမ်းကို ပြည်ပနိုင်ငံနှင့် စျေးပြိုင်ပေးဝယ်ယူရသည့်အတွက် ကြေးသွန်းပစ္စည်းများမှာ စျေးနှုန်း ကြီးမြင့်လျက်ရှိသည်။ ခေါင်းလောင်းတွင် ထည့်သွင်းရသည့် ကြေးကုန်ကြမ်းနှင့် ဘုရားသွန်းရာတွင် အသုံးပြု ရသည့် ကြေးအရည်အသွေးမှာ ကွဲပြားမှုရှိသည်။ ဘုရားတွင် ကြေးနီစစ်စစ်ကိုသုံးရပြီး ခေါင်းလောင်း သွန်းရာတွင် ကြေးဝါထည်များကို အသုံးပြုရခြင်းဖြစ်သည်။

ခေါင်းလောင်းတွင် ထည့်သုံးသောဇင့်ကို ဆင်းတုတော် သွင်းလောင်းရာတွင်ထည့်သွင်းပါကာ မညီ မညာ အဖုအပိန့်များ (ဗြုတ်များ) ထလာသည်ဟု သိရသည်။ ခေါင်းလောင်းကိုမူ မျက်နှာပြင် ညီညာမှုထက် အသံသာယာမှုသည်သာ အဓိက ဖြစ်သောကြောင့်အသံကောင်းစေပြီး ကုန်ကြမ်းစျေး သက်သာသော ကြေးဝါ တစ်ပိဿာ ဇင့်ကိုးဆယ်သား ရောသည့်နည်းလမ်းကို အသုံးပြုကြခြင်းဖြစ်သည်။ ခေါင်းလောင်း၏ အားသာ ချက်မှာ အသံသာယာမှုဖြစ်သောကြောင့် မျက်နှာပြင် ညီညာချောမွတ်ခြင်း၊ အရောင်အဆင်း ဝင်းပြောင် လှပ နေခြင်းသည် သာမန်အဆင့်မျှသာဖြစ်ပေသည်။

ဖယောင်းပန်းပုပညာရှင်က ပုံဖော်ပေးနေစဉ်

လုပ်ငန်းအဆင့်ဆင့်

ကြေးသွန်းရန်အတွက် ပုံကြမ်းကိုင်သည့်အဆင့်ကို စတင်လုပ်ကိုင်ရသည်။ ပုံကြမ်းလောင်း သည့် ပညာရှင်က မြေကြီးနှင့်ဖွဲကြမ်းကိုစပ်ပြီး လိုအပ်သည့် ရုပ်လုံးတော် ရရှိရန်ပြုလုပ်ရသည်။ ပုံကြမ်းလောင်းသည့် အဆင့်တွင် တစ်ကြိမ်တည်းနှင့်အပြီး လုပ်ကိုင်နိုင်ခြင်းမဟုတ်ဘဲ အကြိမ်ကြိမ် ဖို့ပေးရခြင်းဖြစ်သည်။ တစ်ကြိမ် ဖို့ပြီးလျှင် ခြောက်သွေ့သွားစေရန် နေလှန်းရသည်။ နေရောင် ကောင်းစွာမရဘဲ ရေထိသွားလျှင် ပုံပျက်တတ်  သည်။ လိုအပ်သည့် အရွယ်အစားအတိုင်း လုပ်ကိုင်ပြီးသွားလျှင် မြေနုခဲနှင့်မြင်းချေးမှုန့်ကိုရောကာ ရုပ်ပွားတော် ကို သုတ်လိမ်းပေးရသည်။ ထိုသို့ သုတ်လိမ်းရခြင်းမှာ နောက်တဆင့်တွင် ဖယောင်းသားနှင့်ကပ်၍ ပုံဖော်နိုင်ရန် ဖြစ်သည်။ ဖယောင်းပုံ ဖော်ရခြင်းမှာ ကြေးရည်လောင်းထည့်မည့် အထူအပါးအတိုင်း နေရာပြုလုပ်သည့် သဘောဖြစ်သည်။ ဖယောင်းကိုပုံကြမ်းတွင် ကပ်နိုင်ရန်အတွက် ကော်အဖြစ် သာကူမှုန့်ကို ရေနွေးဖြင့်ဖျော်ကာ အသုံးပြုရခြင်းဖြစ်သည်။ ဖယောင်းကပ်ပြီးသည်နှင့် ယင်းအပေါ်တွင် နောက်ထပ်မြေနှစ်ထပ်ခန့် မံံရ သေးသည်။ မြေသားထည်များ ခြောက်သွေ့အောင်နေရောင်ပြပြီးပြီဆိုလျှင် အလယ်တွင် ညှပ်သွင်း ထားသော ဖယောင်းကို မီးတိုက်အရည်ဖျော်ပြီး ထုတ်ရသည်။ ပျော်ကြလာမည့် ဖယောင်းရည်များကို “သယောက်” ဖြင့် ခံကာ နောက်ထပ်အသုံးပြုရန် သိမ်းဆည်းကြသည်။ ရေသယောက် ၏ ပုံစံကို မြင်မိလိမ့်မည်ထင်သည်။ ဖယောင်းရည် ကို ခံသည့် သယောက်ဆိုသည်မှာ  ရေသယောက် အငယ်စားဖြစ်သည်။  ဖယောင်းကို တစ်နေရာမှ ကပ်ကျန် မနေစေရန် မီးများများပေး၍ ထုတ်ရခြင်းဖြစ်သည်။ ဖယောင်းထွက်သွားသည့်နေရာသည် မူလက ပုံစံပေး ကပ်ထားသည့် ဖယောင်း ပန်းပုရုပ်အတိုင်း နေရာလွတ် ဖြစ်ကျန်နေခဲ့သည်။ ထိုနေရာကို ဖယောင်းသားအစား ကြေးရည်လောင်းပြီး ရုပ်ပွားတော် ထုတ်ရမည်ဖြစ်သည်။ ဖယောင်းစင်အောင် မီးတိုက်ပြီးပြီဆိုမှ ကြေးရည်ကို လောင်းရခြင်းဖြစ်သည်။ ဖယောင်းသားများကို ပုံကြမ်းရုပ်အတွင်းမှာ ကုန်စင်အောင် ထုတ်ပေးပြီးသည့် နောက်တွင် ကြေးရည် သွန်းလောင်းသည့် လုပ်ငန်းကိုစတင်ရသည်။

ကြေးရည်လောင်းရာတွင် မီးကိုနှစ်ဖိုပြိုင်ထိုး၍ လိုအပ်သည့်အပူချိန်ညှိယူကာ လောင်းရခြင်း ဖြစ်သည်။ ကြေးသွန်းလုပ်ငန်းတွင် ဓာတ်ခွဲခန်း စမ်းသပ်ပစ္စည်းများ မထားရှိသောကြောင့် အတွေ့အကြုံကို အခြေတည်ပြီး သွန်းလောင်းရခြင်း ဖြစ်သည်။ မီးအခြေအနေ ကြေးရည်အရည်အသွေးတို့ကို လုပ်ကိုင်ခဲ့သည့် သဘာနှင့် ယှဉ်ကာ ခန့်မှန်းဆုံးဖြစ်ရခြင်း ဖြစ်သည်။ ကြေးရည်ကိုကျိုရာတွင် အရည်ဖြစ်ရုံကျို၍ ရသည်မဟုတ်ဘဲ ပုံစံရုံ အသွင်းသို့ အဆင်ပြေပြေသွင်းလောင်းနိုင်သည့် အဆင့်ရောက်အောင် ကျိုရခြင်းဖြစ်သည်။ ကြေးရည်ကို ကျိုသည့်မီးဖိုနှင့် ကြေးရည်လောင်းထည့်မည့် အောက်ခံရုပ်ပုံအား မီးထိုးနေသည့်ဖိုတို့ကို တပြိုင်တည်း တည်ထားရခြင်းဖြစ်ပြီး တစ်ညလုံး မပြတ်တမ်း မီးဖိုနေရခြင်း ဖြစ်သည်။ အချိန်အားဖြင့် ၁၂ နာရီကြာမျှ အချိန်ပေးရသည်။ ကြေးရည်ကလည်း လိုအပ်သည့်အရည်အသွေး၊ အောက်ခံရုပ်ကလည်း အဆင်သင့်ဖြစ်ပြီ ဆိုလျှင် ကြေးရည်ကို အပြည့်လောင်းရခြင်းဖြစ်သည်။ မီးဖိုနှစ်လုံးစလုံး အသင့်အနေအထားရှိမှ ကြေးကို သွန်းခြင်းဖြစ်ပြီး အရုပ်ဘက်မှဖြစ်စေ၊ ကြေးရည်ဘက်မှဖြစ်စေ လိုအပ်ချက်ရှိနေပါက ယင်းနေ့တွင် လုပ်ငန်းကို ရပ်နားထားလိုက်ရသည်။ ထိုအခါတစ်ညတာလုံး လုပ်ကိုင်ဆောင်ရွက်ခဲ့ရသည့် လောင်စာတန်ဖိုး၊ လုပ်အားခ တန်ဖိုးနှင့်အချိန်များ ဆုံးရှုံးနစ်နာသွားရသည်။

ကြေးသွန်းလုပ်ငန်းတွင် ကြေးရည်ကို သွန်းလောင်းသည့်အဆင့်သည် အရေးကြီးဆုံးကဏ္ဍ တစ်ရပ် ဖြစ်ပြီး မှားယွင်းမှုမဖြစ်စေရန် ဂရုတစိုက်ပြုလုပ်ရသည်။ ကြေးရည်မကျက်ဘဲ အောက်ခံရုပ် အတွင်း လောင်းထည့်မိပါက အထူအပါးမညီသည့် ကြေးသွန်းရုပ်ဖြစ်လာနိုင်သည်။ ထိုအခါ ကြည်ညိုသပ္ပယ်စရာ အဆင့်မှလျော့ကျ၍ လက်ရာညံသော ကြေးရုပ်ထုဖြစ်သွားမည်။ ထို့အတူ အကျက်လွန်သောကြေးရည်ကို အဆင်သင့်ဖြစ်မနေသော မီးမနိုင်သေးသော အောက်ခံရုပ်အတွင်းထည့်မိပါက တစ်လက်မအထူ ပြုလုပ် ထားသောရုပ်မှ အပူချိန်ကြောင့်နှစ်ဆတိုးပြီး နှစ်လက်မအထူ ဖြစ်သွားနိုင်သည်။ အလုပ်အပ်နှံထားသူ မှာယူသူ အတွက် အလေးချိန်တိုးသွားခြင်းက မည်သို့မှထိခိုက် နစ်နာမှု ဖြစ်မသွားသော်လည်း အလုပ်ရုံအနေဖြင့် အမြတ်ငွေမရသည့်အပြင် ပုံတော်နှစ်ဆူကို တစ်ဆူစျေးဖြင့် ပေးရသည့်အနေအထားမျိုး ဖြစ်သွားသည်။ ဉာဏ်တော်ကြီးလျှင်ကြီးသလောက် ဆုံးရှုံးမှုက ကြီးသွားသည်။ ဖောက်သည်ထံမှလည်း နှစ်ဦးကျေနပ်သည့် စျေးကို သဘောတူ လက်ခံထားပြီး ဖြစ်သောကြောင့် ထပ်မံတောင်းယူ၍လည်း မရတော့ပေ။ ထိုအတွက် ကြေးရည်လောင်းရသည့် အဆင့်သည် အရေးအကြီးဆုံးကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်သည်။

ကြေးရည်လောင်းပြီးသည်နှင့် အောက်ခံရုပ်ကို တစ်ရက်တာမျှ အအေးခံရသည်။ ပြီးမှ အောက်ခံရုပ်ကို ခွာကာ အတွင်းမှကြေးရည် လောင်းထားသည့်ပုံတော် ကြေးဆင်းတုတော်ကို ရရှိခြင်းဖြစ်သည်။ ကြေးဆင်းတုတော် ရရှိပြီဆိုသည်နှင့် လိုအပ်သည့်အချောကိုင်ခြင်း အဆင့်ကို နောက်ထပ် ပညာရှင်များက ဆက်လက်ဆောင်ရွက်ရသည်။ ပုံတော်ကို အချောကိုင်သည့်ပညာရှင်က ကျောက်စက်ဖြင့် ကော်ပတ်စားခြင်း၊ ဝရိန်ဆရာက လိုအပ်သည့်အချက်များကို ကြေးဝရိန်တို့ခြင်း၊ ကြေးပန်းပုဆရာက ဆံတော်ထိုးခြင်း၊ သင်္ကန်းတော်ထိုးခြင်း စသည့်သက်ဆိုင်ရာ အပိုင်းအလိုက် ၀ိုင်းဝန်းဆောင်ရွက်ရသည်။ ၃ ပေမှ အောက်သို့ အရွယ်များကို ပလာစတာမိုများဖြင့်လောင်းကာ ကြေးရည်လောင်းပြီး ပြုလုပ်နိုင်သော်လည်း ၃ ပေ မှအထက် ဉာဏ်တော်ကြီးများကို ယခုကဲ့သို့ လက်မှုပညာ ကြေးသွန်းပညာရပ်ဖြင့် အစအဆုံး လုပ်ကိုင်ရခြင်းဖြစ်သည်။ ကြေးသွန်းလုပ်ငန်းတွင် ဉာဏ်တော်အလိုက် ပညာရှင်အရေအတွက် ကွာခြားမှုရှိသည်။ ဉာဏ်တော်အနိမ့် များတွင် မိသားစု ၀ိုင်းဝန်းမှုဖြင့် ပြီးစီးနိုင်သော်လည်း ဉာဏ်တော် ၃ ပေအထက်ပုံများတွင် ပညာရှင် ၅ ဦးမှ သည် ၁၀ ဦး အထက်သို့ ခေါ်ဆောင်လုပ်ကိုင်ကြရသည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ကြေးသွန်း လုပ်ငန်းကို လုပ်ကိုင်၍မရဘဲ၊ စုပေါင်း အင်အားဖြင့် ညီညွတ်စွာလုပ်ကိုင်ရခြင်းဖြစ်သည်။

ခေါင်းလောင်းပေါ် အလှကပ်ရမယ့် အရုပ်တွေကိုရေစိမ်ထားရပါတယ်

ကြေးသွန်းစျေးကွက်

ကြေးသွန်းလုပ်ငန်းသည် ၁၂ လရာသီ တစ်နှစ်တာပတ်လုံး ပုံမှန်လုပ်ကိုင်ဆောင်ရွက် နေကြသော လုပ်ငန်းဖြစ်သည်။ ကြေးသွန်းရာတွင် နေရောင်ကောင်းစွာရရှိမှုသည်လည်း အရေးပါသည်။ နွေကာလ တပေါင်း၊ တန်ခူး အချိန်တွင် မြေမံထားသည့် ပုံကြမ်းရုပ်များသည် ၃ ရက်ခန့်တွင် ခြောက်သွေ့နိုင်သော်လည်း ဆောင်းကာလ ရာသီဥတုအေးမြနေချိန်တွင် ၅ ရက်ခန့် နေလှန်းကြရသည်။ ရေထိ၍မရသဖြင့် မိုးကာလတွင် သတိထား စောင့်ဆိုင်းလုပ်ကိုင်ကြရသည်။ ကြေးဆင်းတုတော် တစ်ဆူဖြစ်ပေါ်နိုင်ရန်အတွက် ပုံကြမ်းလောင်း သည်မှ ပူဇော်ခံနိုင်သည်အထိ ၂ လခွဲမှ ၃ လအတွင်း ကြာမြင့်သည်။ ပုံတော်များကို ပုံမှန်ထွက်ပေါ်လာနိုင် စေရေးအတွက် ပုံကြမ်းများကိုလည်း အလျင်မပြတ် လုပ်ကိုင်ကြရသည် အချို့အလုပ်ရုံများက အရောင်းဆိုင် များကို တွဲဖက် ဖွင့်ထားကြသည့်အတွက် ဆိုင်တင်ရောင်းချမည့် ပုံတော်များကိုပါ လုပ်ကိုင်ထားကြရသည်။

အော်ဒါမှာသည့် ဒေသများမှာလည်း နေမြေဒေသစုံမှာဖြစ်သည်။ အဓိကပို့ဆောင်ပေးရသည်မှာ ရန်ကုန်မြို့၊ ပဲခူးမြို့တို့ ဖြစ်ကြသည်။ ဘုရားစောင်းတန်းများရှိ နိဗ္ဗာန်ဈေးဆိုင်များတွင် ကြေးဆင်းတုတော်များ၊ ခေါင်းလောင်း အရွယ်အစားအမျိုးမျိုးတို့ကို ဝယ်ယူရရှိနိုင်ပါသည်။ မော်လမြိုင်၊ ပြည်၊ စစ်တွေ၊ လာရှိုး စသည့် မြို့ကြီးများရှိ သင်္ကန်းပရိက္ခရာဆိုင်များတွင်လည်း  ကြေးဆင်းတုတော်ကြီးများကို မှာယူရောင်းချပေးလျှက် ရှိသည်။ ဆင်းတုတော်များရောင်းချရာတွင် ခေါင်းလောင်းကဲ့သို့ ပိဿာချိန်ဖြင့်မဟုတ်ဘဲ လက်မ၊ ပေ စသည့် အမြင့်ရှိသည့်အတိုင်း သတ်မှတ်ရောင်းချခြင်းဖြစ်သည်။ တစ်ပေချင်းအလိုက်စျေးမှာလည်း ကြေးအသုံးပြု ရသည့် ပိဿာချိန်အလိုက် နှစ်ဆမကတက်သွားသည်ကို တွေ့ရသည်။ ကြေးအသုံးပြုရသည့် အဝန်းအဝိုင်း အလိုက် စျေးကွာရခြင်းဖြစ်သည်။ ၃ ပေ အမြင့်ရှိသည့် ပုံတော်တစ်ဆူသည် ပိဿာချိန် ၄၀ လေးသော်လည်း ၆ ပေ အမြင့်ရှိသည့် ပုံတော်မှာ ပိဿာချိန် ၂၈၀ ဝန်းကျင် အလေးချိန်ရှိသည်။ ထို့အတွက် ၃ ပေနှင့် ၆ ပေ ဆင်းတုတို့သည် ပေအမြင့်အရ နှစ်ဆသာကွာမည်ဖြစ်သော်လည်း စျေးနှုန်းမှာ နှစ်ဆမက အဆများစွာ ကွာခြား သွားပါလိမ့်မည်။ တစ်လက်မချင်း တစ်ပေချင်း ခြားနားသွားသည့်အပေါ်တွင် အရွယ်အစားအဝန်းအဝိုင်း ကွာခြားမှုရှိလာပြီး ထည့်သွင်းအသုံးပြုရသည့် ကြေးပိဿာကွာခြားမှု ရှိလာရခြင်းဖြစ်သည်။ အရွယ်မှာ နှစ်ဆ ကွာသော်လည်း စျေးမှာခုနှစ်ဆခန့် ကွာသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပမာအနေဖြင့် သုံးပေဆင်းတုတော် တစ်ဆူ၏ မန္တလေးစျေးနှုန်းမှာ ခြောက်သိန်းကျော်ရှိပြီး ခြောက်ပေအရွယ် ဆင်းတုတော်တစ်ဆူကို သိန်းငါးဆယ် ဝန်းကျင်ဖြင့် မှာယူရမည်ဖြစ်သည်။ ကြာမြင့်သည့်အချိန်မှာ သုံးပေအရွယ် ပုံတော်တစ်ဆူအတွက် နှစ်လခွဲနီးပါး ကြာမြင့်နိုင်သည်။ ကြေးဆေးတုတော်များကို သယ်ယူပို့ဆောင်ရာတွင် ခရီးဝေးပြီး အတင်အချကြမ်းမည်ဆိုပါက သစ်သားချုပ်တန်းများနှင့် ထုပ်ပိုးပေးသည်။ ပုံမှန်ခရီး အနေအထား ဆိုပါက ပီနံအိတ် ဂုံနီအိတ်တို့ဖြင့်သာ လုံလုံခြုံခြုံထုတ်ပိုးပြီး ကုန်ကားဖြင့် တင်ပို့ပေးသည်။ ဉာဏ်တော်အငယ်များဆိုလျှင် တောင်းအတွင်း စနစ်တကျ စီစဉ်ထည့်ပေးသည်။

ကြေးသွန်းလုပ်ငန်းမှာသုံးရတဲ့ လက်နက်ကိရိယာအချို့

သွန်းလောင်းပုံအတန်းအစားများ

                ဆင်းတုတော်များကို သွန်းလောင်းရာတွင် ကြည်ညိုဖွယ်ရာအဆင်းရှိရန် အဓိကထားလုပ်ကိုင် ရသော်လည်း မောင်း၊ ခေါင်းလောင်း စသည်တို့ကိုမူ အသံသာရန်နှင့် အသံအောင်ရန် အရေးစိုက် ပြုလုပ် ရခြင်းဖြစ်ကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ကြေးသွန်းသည့် ပန်းတဉ်းပညာရပ် တူညီသော်လည်း ဘုရား ဆင်းတုတော် သွန်းလုပ်သည့် လုပ်ငန်းခွင်နှင့် မောင်း၊ ခေါင်းလောင်း ပြုလုပ်ရသည့် လုပ်ငန်းခွင် တို့သည် ကွဲပြားသည်။ ရုပ်ပွားတော်များကို သွန်းလောင်းရာတွင် မီးအပူပေးလျှက်ရှိနေသည့် အောက်ခံရုပ်ပေါ်သို့ ကြေးအပူရည်ကို သွန်းလောင်းရခြင်းဖြစ်ပြီး အပူလောင်းသည် ဟု ခေါ်ကြသည်။ ခေါင်းလောင်းကိုမူ ညသိပ် ထားသော အောက်ခံခေါင်းလောင်းပုံစံထဲသို့ ကျိုထားသည့်ကြေးရည်ကို လောင်းထည့်ရခြင်းဖြစ်ပြီး အအေး လောင်းသည်ဟု ခေါ်ကြသည်။ ကြေးသွန်းရပ်တွင် ခေါင်းလောင်း ပြုလုပ်သည့်လုပ်ငန်း ၈ ခုသာရှိပြီး ဆင်းတုတော် အလုပ်ရုံတစ်ရာကျော်ရှိကြောင်း သိရသည်။ တစ်ရပ်ကွက်လုံးနီးပါး လုပ်ကိုင်ဆောင်ရွက်ကြ သည်ဟု ပြော၍ရသည်။

ကြေးသွန်းလုပ်ငန်းတွင် ပုံကြမ်းလောင်းသည်မှ ဘုရားအဖြစ်ပူဇော်နိုင်သည်အထိ အဆင့်ဆင့် အားလုံး ကို လက်မှုပညာတစ်ခုတည်းဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဆင်းတုတော်တစ်ဆူ အောင်မြင်စွာ ဖြစ်ပေါ်လာ စေရန် ပညာရှင်များစွာက အချိန်အား၊ လူအင်အား၊ ပညာအားတို့ကို များစွာ စိုက်ထုတ်ရင်းနှီးပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့ကြရသည်။ ထိုု့အတွက် အရည်အသွေးကောင်းသည်။ တန်ဖိုးရှိသည်။ လက်ရာကောင်းသည်။ ယခုအချိန်တွင်မူ ရုပ်ပွားတော်ကို လိုအပ်သလို ပိုင်းဖြတ်သွန်းလုပ်ထားပြီး ကြည်းဂဟေဖြင့်ဆက်ခြင်း၊ ကျောက်စက်အသုံးပြုကာ အချောကိုင်ခြင်းတို့ကို ပြုလုပ်လာခဲ့ကြသည်။ ခေတ်မှီနည်းပညာများနှင့်တွဲဖက်လျှက် ရက်ပိုင်းအတွင်း၊ လပိုင်းအတွင်း ဘုရားဆင်းတုတော်များကို စျေးကွက်အတွင်းသို့ ရောက်အောင် ပို့ဆောင်ပေး နေကြသည်။

ဘုရားစောင်းတန်းများရှိ အရောင်းဆိုင်များတွင် ကြေးဆင်းတု ရုပ်ပွားတော်များကို အရွယ် အစား အမျိုးမျိုး၊ လက်ရာအမျိုးမျိုးကို မြင်တွေ့လာရသည်။ ရောင်းတန်းအဖြစ် စျေးကွက်အတွင်းရှိနေသာ ရုပ်ပွားတော် များမှာ ကြည်ညိုဖွယ်အဆင်းနှင့် ပြည့်စုံပါသော်လည်း ပညာရပ်အနေနှင့်ကြည့်လျှင် လိုအပ်ချက်ကလေးများ ရှိနေပါလိမ့်မည်။ သီးသန့်အချိန်ပေး၍ လက်ခပိုပေးကာ မှာယူမှသာ လက်ရာကောင်းကောင်းနှင့် ပူဇော်နိုင် ကြသည်။ ထို့အတွက်ကြောင့် အချို့ကိုးကွယ်လိုသူများသည် မန္တလေးမြို့တော်သို့ တကူးတက စရိတ်အကုန်ခံ သွားရောက်ကာ ကြေးသွန်းဘုရား ဆင်းတုတော်များကို အပ်နှံမှာယူကြခြင်းဖြစ်သည်။ ကြေးသွန်း လုပ်ငန်းရုံ များကလည်း ဝယ်ယူလိုသူများ၏ ဆန္ဒအရ လက်ရာအတန်းအစားအလိုက် လုပ်ကိုင်ဆောင်ရွက်ပေးပြီး ပညာကြေးကို မြှင့်ယူကြသည်ကို တွေ့ရသည်။ ကြေးသွန်းလုပ်ငန်းတွင် ငွေကြေး တတ်နိုင်သည့်သူက လုပ်ငန်းရုံကို တည်ထောင်ထားခြင်းပြီး ပညာရှင်များက ၀ိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြခြင်း ဖြစ်သည့်အတွက် လုပ်အားခချီးမြင့် ပေးရသည်။ ကျွမ်းကျင်ပညာရှင် လိုအပ်ချက်ကြောင့် လုပ်ငန်းခွင်အတွင်းမြဲနေစေရန် အသုံးပေးထားရသည်လည်း ရှိသည်။ အသုံးပေးရသည် ဆိုသည်မှာ ကြိုငွေထုတ်ပေးထားရခြင်းဖြစ်သည်။ တစ်ဦးလျှင်အသုံးငွေ ငါးသိန်းမှ ဆယ်သိန်း အထိ ထုတ်ထားပေးရသည်ဟု သိရသည်။

ကြေးသွန်းသည့်ပညာရပ်တွင် ပုံကြမ်းလောင်းအဆင့်၊ ဖယောင်းကပ်သည့်အဆင့်၊ ကြေးရည် လောင်းသည့်အဆင့်၊ ဂဟေဆက်သည့်အဆင့်၊ အချောကိုင်သည့်အဆင့်၊ မျက်နှာဖော်သည့်အဆင့် စသည်ဖြင့် အဆင့်များစွာရှိသည့်အတွက် တဆင့်ချင်းအလိုက် ပညာရှင်ကိုအသုံးပြုရခြင်းဖြစ်သည်။ မိုလောင်းပြီးသားတွင် ကြေးရည်ကို ထည့်ပြီးပုံလောင်းခြင်းမှာ သုံးပေအောက်ဉာဏ်တော်ငယ်များသာ ပြုလုပ်နိုင်သည်။ သုံးပေ၏ အထက်တွင်မူ ပညာရှင်များနှင့် အဆင့်ဆင့်လုပ်ကိုင်ကြရသည်။ ယင်းကဲ့သို့ ဉာဏ်တော်ကြီးများတွင် ပညာရှင်လိုအပ်ချက်မှာ များပြားလာခဲ့သည်။ ကြေးသွန်းရာတွင်ပါဝင်သည့် ဖယောင်းပန်းပု ပညာရှင်များဆိုလျှင် လက်ချိုး ရေတွက်ရလောက်အောင်ပင် နည်းပါးလာခဲ့ပြီ ဖြစ်သည်။ မျိုးဆက်သက်လူငယ်များအနေဖြင့်လည်း ဆယ်စုနှစ်ထက်ဝက်နီးပါး အချိန်ပေး၍ပညာသင် ရသည်ကို စိတ်မပါတော့ပဲ လွယ်လင့်တကူ အခြားသော ခေတ်ပညာရပ်များကို လေ့လာသင်ယူ ဖြစ်တော့သည်။

မျက်လုံးတော်၊ နူတ်ခမ်းတော်၊ ဆံတော် တွေကို အသေးစိတ် ပုံဖော်ပေးနေတဲ့ ကြေးပန်းပုဆရာ
စက်ကော်ပတ်နဲ့ အချောသတ်နေစဉ်

ကြေးခေါင်းလောင်း

ခေါင်းလောင်းကို လူမှုရေး အသုံးအဆောင် အဖြစ်ဖြင့်လည်းကောင်း၊ ဘာသာရေး အသုံး အဆောင် အဖြစ်ဖြင့်လည်းကောင်း အသုံးပြုကြသည်။ ဘာသာရေးတွင် ခရစ်ယာန် ဘုရားကျောင်း များတွင်ဖြစ်စေ၊ ဗုဒ္ဓဘာသာ ဘုရားစေတီများတွင်ဖြစ်စေ ခေါင်းလောင်းကို တွေ့မြင်ကြရသည်။ ရှေးအခါက ခေါင်းလောင်းတော် သွန်းလုပ်ကြရာ၌ ရွှေငွေကျောက်မျက် ရတနာတို့ကို ထည့်သွင်း အသုံးပြုခဲ့ကြသည်။ တစ်ချိန်တစ်ခါက မြန်မာပြည် အရပ်ဒေသအချို့တို့တွင် ခေါင်းလောင်းသွန်း လုပ်သည့် လုပ်ငန်းများစွာရှိခဲ့သော်လည်း ယခု ကာလတွင် မန္တလေးမြို့ တမ္ပဝတီရပ်၌သာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိတော့သည်။

ဘုရားဆင်းတုတော် သွန်းလုပ်မှုများပြားရခြင်းမှာ ပူဇော်လိုသူများရခြင်းကြောင်ြ့ဖစ်ပြီး ခေါင်းလောင်း  သွန်းလုပ်လှူဒါန်းရခြင်းမှာ အရေအတွက်နည်းပါးသည်။ ထို့ကြောင့် ခေါင်းလောင်း  လုပ်ကိုင်ဆောင်ရွက်သည့် အလုပ်ရုံမှာလည်း နည်းပါးရခြင်းဖြစ်သည်။ ခေါင်းလောင်းများ ထုတ်လုပ်ကြရာ၌ ခေါင်းလောင်းတော်ကြီးများ ထုတ်လုပ်မှုမှာ အရေအတွက်နည်းပြီး အရွယ်အစားငယ်သည့် ခေါင်းလောင်းလေးများ၊ မောင်း၊ လင်ကွင်း၊ ဆည်းလည်း (ဆွဲလွဲ)၊ ကြေးစည်တို့မှာ အရောင်းသွက်ကြသည်။ ခေါင်းလောင်းသည် ဘုရားဆင်းတုတော် ထုတ်လုပ်ခြင်းကဲ့သို့ အနုစိတ်ပြုလုပ်စရာ မလိုသောကြောင့် အရေအတွက်များစွာ ထုတ်လုပ်နိုင်စွမ်းရှိသည်။ ပိဿာအချိန်တစ်ရာ အလေးချိန်ရှိသည့် ဆင်းတုတော်အတွက် တစ်လကျော် ကြာမြင့်နိုင်သည်။ ကြေးခေါင်းလောင်းတော် အတွက်မှာမူ  တစ်ပတ်ဝန်းကျင်မျှသာ အချိန်ပေးရသည်။ ကြေးကို အရည်ကျို သွန်းလောင်းသည့် လုပ်ငန်းချင်း တူညီသော်လည်း ကြေးကိုစပ်သည့်နည်းစနစ်မှာ ကွဲပြားမှုရှိသည်။ ခေါင်းလောင်းသည် အသံကို ဦးစားပေးရသဖြင့် ဇင့်ကို အချိုးအစားများစွာ ရောစပ်လုပ်ကိုင်ရသည်။ ဆင်းတုတော်အတွက်မှာမူ ကြည်လင်တောက်ပလာစေရန် ကြေးစဉ်ကြေးသားကောင်းစေရန်၊ ကြေးကောင်း ကုန်ကြမ်းကောင်းကို ဆင်းတုတော် သွန်းလုပ်ရာတွင် အသုံးပြုသည်။ ကြမ်းကြမ်းတမ်းတမ်းလုပ်၍ မရဘဲ ဇလုပ်တိုက် လုပ်ကိုင်ရခြင်းဖြစ်သည်။ ဇလုတ်တိုက်ဆိုသည်မှာ ညီညီညွတ်ညွတ်ဖြစ်နေစေရန် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ရခြင်းကို ခေါ်သည်။ ခေါင်းလောင်းတွင် ထည့်သွင်းရသည့်ကြေးနှင့် ဘုရားသွန်းရာတွင် အသုံးပြုရသည့် ကြေးအရည်အသွေးမှာ ကွဲပြားမှုရှိသည်။ ဘုရားဆင်းတုတော်အတွက် အသုံးပြုသည့် ကြေးနီကုန်ကြမ်းကို အသုံးပြုပြီး ခေါင်းလောင်းကို ပြုလုပ်လျှင် စရိတ်များစွာ ကုန်ကျမည်ဖြစ်သဖြင့် အသုံး ပြုခြင်း လွန်စွာနည်းလှသည်။ ရှေးခေါင်းလောင်းတော် များကို လေ့လာကြည့်သောအခါ ကြေးနီနှင့် ခဲမဖြူကို ရောစပ်သွန်းလောင်းခဲ့ကြောင်း သိရသည်။ ထိုသို့ပြုပါက ကုန်ကျစရိတ်မှာ နှစ်ဆနီးပါးကြီးမြင့်ခြင်းကြောင့် ယင်းကဲ့သို့ အသုံးပြုကြခြင်း ယခုခေတ်တွင် မရှိတော့ဘဲ ကြေးဝါနှင့်ဇင့် ရောစပ်အသုံးပြုသည့် နည်းလမ်းကိုသာ သုံးစွဲလာခဲ့ကြသည်။

ကြေးနီနှင့်ခဲမဖြူ ပေါင်းစပ်ပြီး သွန်းလုပ်ထားသည့် ခေါင်းလောင်းသည် အရည်အသွေး အကောင်းဆုံး ဖြစ်ပြီး ကွဲခြင်း၊ အက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ကြာရှည်ခံစေရန် ထိန်းသိမ်း အသုံးပြုနိုင်ပေလိမ့်မည်။ သို့သော်လည်း ထုတ်လုပ်မှု ကုန်ကျစရိတ် နှစ်ဆမက မြင့်မားနေသည့်အတွက် စျေးကွက်အတွင်း ပြန်လည် ပို့ဆောင်ရောင်းချရမှုမှာ ကိုက်ညီခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အတွက် ဝယ်ယူအသုံးပြုမည့်သူနှင့် ထုတ်လုပ်ရောင်းချမည့်သူတို့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် နည်းလမ်းကို အသုံးပြုလာကြရသည်။ ကုန်ကျ စရိတ် အနည်းငယ်လျှော့ချနိုင်မည့် ကြေးနီ၊ ခဲမဖြူနှင့် ဇင့် သုံးမျိုးစပ်ပြီး ခေါင်းလောင်းသွန်းကြခြင်းလည်း ရှိသေးသည်။ ထိုသို့ သုံးမျိုးသုံးပါး ရောစပ်အသုံးပြုခြင်းကို သုံးပါးစပ်ဟု ခေါ်ကြပြီး ခေါင်းလောင်းအတွက် သုံးစွဲသည့်အပြင် မောင်းပြုလုပ်ရာတွင် ပိုမို အသုံးပြုလာကြသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ခေါင်းလောင်းကိုမူ သုံးပါးစပ်အနေဖြင့် သွန်းရာတွင်လည်း စျေးနှုန်းနိုင်နင်းခြင်း မရှိ သည့်အခါ  ကြေးဝါကို ဇင့် ရောသည့်နည်းဖြင့်သာ အသုံးပြုလျက်ရှိနေသည်။ ခေါင်းလောင်းကို ပြုလုပ်ပြီး သောအခါ ရောင်းချသည့်နှုန်းမှာ အရွယ်အစားပေါ်လိုက်ပြီး စျေးကွာခြားမှုရှိသည်။ ခေါင်းလောင်းတွင် တစ်ရာစီး နှစ်ရာစီး စသည်ဖြင့် ခေါ်ကြသည်။ အချိန် တစ်ရာပိဿာရှိသည့် ခေါင်းလောင်းကို တစ်ရာစီးခေါင်းလောင်းဟု ခေါ်ခြင်းဖြစ်သည်။ တစ်ရာစီးခေါင်းလောင်း တစ်လုံး အတွက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ဟု သိရသည်။  ကုန်သည်များ လက်သို့ရောက်လျှင် သင့်တော်သည့်နှုန်းဖြင့် ပြန်လည်ရောင်းချကြသည်။

တမ္ပဝတီရပ်တွင် သွန်းလုပ်သော ကြေးခေါင်းလောင်းများသည် မန္တလေးမြို့မှ မြန်မာပြည် အရပ်ရပ်ရှိ ကုသိုလ်ရှင်များထံသို့ ရောက်ရှိသွားကြသည်။ ခေါင်းလောင်းတော် ပြုလုပ်လိုသည့်သူများ အနေဖြင့်လည်း မိမိတို့မြို့မှ အရောင်းဆိုင်များက ဝယ်ယူကြသလို မန္တလေးသို့ကိုယ်တိုင် လာရောက်၍ စိတ်ကြိုက် မှာယူ လုပ်ကိုင်ကြသည်။ အရောင်းဆိုင်များတွင်တင်ပြီး ရောင်းချကြသည်ကလည်း အလေးချိန်များသော ခေါင်းလောင်းမျိုး မဟုတ်ဘဲ ၂၅ ပိဿာ၊ ၅၀ ပိဿာ စသည့် အရွယ်အစားသာ များပေသည်။ အလုပ်ရုံတွင် လာရောက်အပ်နှံခြင်းက စိတ်တိုင်းကျပုံစံမျိုးကို မှာယူရရှိနိုင်ပြီး စျေးနှုန်းမှာ သာမန်ထက် အနည်းငယ် ပို များသည်။ မြန်မာဗုဒ္ဓဘာသာဝင်များတွင် သာမက ကျန်သည့် ဘာသာဝင်များကလည်း ဘုရားကျောင်း များတွင် အသုံးပြုမည့် ခေါင်းလောင်းများကို တမ္ပဝတီ ကြေးသွန်းရပ်တွင် လာရောက်အပ်နှံကြသည်ကို တွေ့ရသည်။

တမ္ပဝတီရဲ့လက်ရာ ပဲခူးမြို့မဟာနာရဏီ စေတီတော်ကခေါင်းလောင်း
တမ္ပဝတီရဲ့လက်ရာ ထားဝယ်မြို့ ရွှေတောင်စားစေတီတော်က ခေါင်းလောင်းကြီး

ထိန်းသင့်သင့်သည့် ပညာရပ်

ကြေးသွန်းပညာရပ်ကို အစအဆုံးကျွမ်းကျင်တတ်မြောက်သူများ တဖြည်းဖြည်းရှားပါးလာ ခဲ့ပြီဟု သိရပါသည်။ စိတ်ပါဝင်စားမှု နည်းပါးလာသည့် အတွက်ကြောင့်လည်း ကြေးသွန်း ပညာကို နှောင်းလူများက ဂရုပြုသင်ယူလိုခြင်း မရှိသည်ကိုတွေ့လာရသည်။ ကြေးသွန်းပညာရပ်ဆိုသော်လည်း ပန်းပုလုပ်ငန်းနှင့် နီးစပ်ရန်လိုအပ်သေးသည်။ ကြေးရုပ်တုတွင် လိုအပ်သည့် အနုအနွဲ့များအတွက် ဆောက်ချက်များ ထိုးပေးရန်လိုသည်။ ဘုရားမျက်နှာတော်ကို ကြည်ညိုဖွယ်ဖြစ်စေရန် ပန်းပု ပညာဖြင့် ထွင်းထု ပုံဖော်ပေး ရသည်။ မျက်နှာတော်သာမက ဆံတော်၊ သင်္ကန်းတော်တို့တွင်လည်း လိုအပ်သလို ပုံဖော်ပေးရသေးသည်။ ကြေးရည်ကျိုလောင်းပြီးသည်နှင့် ပြီးသွားသည့်အလုပ်မဟုတ်ဘဲ နောက်ဆက်တွဲ အသေးစိတ်အချောကိုင် ရသည်က အဆင့်များစွာ ကျန်နေသေးသည်။ ထို့ကြောင့် ခေတ်လူငယ်များအဖို့ လက်မှုနှင့်ယှဉ်ပြီး လုပ်ကိုင် ဆောင်ရွက်ရသည့် လုပ်ငန်းများကို စိတ်ဝင်စားမှု နည်းလာကြခြင်းလည်း ဖြစ်သည်။ ယင်းအတွက် ယခု ထုတ်လုပ်ပေးနေသော ကြေးသွန်းလက်ရာများသည် ယခင်ခေတ်က လက်ရာများကို လိုက်မှီနိုင်တော့ခြင်း မရှိတော့ဟု  တမ္ပဝတီမှ ပညာရှင်အချို့က ထောက်ပြကြသည်။

တစ်ခေတ်နှင့် တစ်ခေတ် တစ်ချိန်နှင့်တစ်ချိန် ယခုကဲ့သို့မြန်မာမှုအနုလက်ရာများသည် အရည်အသွေး လျော့ကျနေမည်ဆိုပါက နောင်တစ်ချိန်တွင် ကြေးသွန်းအပါအဝင် အခြားထိန်းသိမ်းထားစရာ ပညာရပ်များ  ပျောက်ကွယ်သွားမည်မှာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။ ကွန်လွန်လေပြီးသော ကဗျာဆရာကြီးမောင်ခိုင်မာ က ရှင်မရေ ကဗျာစာအုပ်တွင် ”ဂန္တဝင်လက်မှုအတတ်ကို စက်မှုသတ်လို့သေလိမ့်မယ်” ဟု ရေးသားခဲ့သည်။ စက်မှု ပညာရပ် ထွန်းကားခြင်းသည်ကောင်းပါသည်။ ထုတ်ကုန်ကို နှစ်ဆမကသုံးဆတိုးအောင်  ထုတ်နိုင်ပါသည်။ သို့သော် စံတင်ထားလောက်စရာ လက်မှုပညာရပ်များ တိမ်ကောသွားမည်မှာ လိုလားနှစ်လိုဖွယ် မကောင်း သည်ကိုမူ သတိပြုသင့်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

(ဆောင်းပါးရေးသားနိုင်ရေးအတွက် အကူအညီပေးပါသော မန္တလေးမြို့တမ္ပဝတီရှိ ”လောကနတ်” ကြေးသွန်း လုပ်ငန်းမှ ပညာရှင်များကို အထူး ကျေးဇူးတင်ပါသည်။ )

Leave a Reply

Your email address will not be published.