မန္တလေးမြို့က ကျောက်ဆစ်တန်း

မန္တလေးကျောက်ဆစ်တန်းက ဆင်းတုတော်များ

လင်းသူ (ပန်းကန်ကျွန်း)

မြန်မာပြည်အလယ်ပိုင်းမြို့တော် မန္တလေးသည် မြန်မာမှုအနုလက်ရာများ ထွန်းကားရာမြို့ကြီးတစ်မြို့ ဖြစ်သည်။ မြန်မာရှင်ဘုရင်၏ နန်းစိုက်ခဲ့ရာဖြစ်ခဲ့ခြင်းနှင့် အရပ်ရပ်အနယ်နယ်မှပညာရှင်များ မင်းနေပြည်တော် တွင် လာရောက်စုဝေး ရောက်ရှိလာကြခြင်းတို့ကြောင့် ပန်းဆယ်မျိုး လက်မှုပညာရပ်များအားလုံး စည်ပင် ထွန်းကားသည့် ယဉ်ကျေးမှုမြို့တော်ကြီးဖြစ်သည်။ ယခုအချိန် မြန်မာမှု ပညာရပ်များနှင့်ပတ်သက်၍ လေ့လာ လိုလျှင် မန္တလေးမြို့တော်သို့ သွားရောက်ရမည်။ ထိုသို့ ရိုးရာလက်မှုပညာများကို ထိန်းသိမ်းလုပ်ကိုင်လျှက် ရှိသော မန္တလေးမြို့တော်ကြီးသို့ ရောက်ရှိခိုက်တွင် ကျောက်သားထုကို ဘုရားဆင်းတုတော်အဖြစ်သို့ ထွင်းထု လုပ်ကိုင်လျှက်ရှိကြသည့် ပန်းတမော့ပညာရှင်များ၏ ကျောက်ဆစ်တန်းကို ဝင်ရောက်လေ့လာဖြစ်ခဲ့ပါသည်။ စကျင်ကျောက်တုံးကို ကျောက်စက်ဖြင့် ပွတ်သပ်အချောကိုင်ရာမှ ထွက်လာသောအမှုန်များနှင့် နေ့စဉ် ရင်းနှီး နေသည့် ကျောက်ဆစ်လုပ်ငန်းသမားများ၏ လုပ်ငန်းသဘာဝများကို တင်ပြပေးလိုက်ပါသည်။

ပုလ္လင်တော်ပန်း ထွင်းထုပုံဖော်နေစဉ်

ကျောက်ဆစ်တန်း
မဟာမြတ်မုနိဘုရားကြီးအနောက်မုခ်က ကျောက်မှုန်များထောင်းထောင်းထနေသည့် ရပ်ကွက်သည် ကျောက်ဆစ်ရပ်ကွက်၊ ကျောက်ဆစ်တန်းဖြစ်သည်။ ရှေးမြန်မာဘုရင်လက်ထက်ကတည်းက ကျောက်ဆစ် လုပ်ငန်းတည်ရှိခဲ့ခြင်းဖြစ်ပြီး ကျွန်းလုံးဥသျှောင်ရပ် ဟု အမည်ရသည်။ ကျောက်ဆစ်တန်းတွင် အဓိကထုဆစ် ပြုလုပ်ကြသည်မှာ ကျောက်ဆင်းတု၊ မြတ်စွာဘုရားဆင်းတုတော် (ဉာဏ်တော်)အရွယ်အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးတို့ဖြစ်ကြသည်။ သစ်သားကိုပန်းပုပညာဖြင့် ဆင်းတုတော်၊ ရုပ်ပုံများထုလုပ်သကဲ့သို့ ကျောက်သားကို ပုံသဏ္ဍာန် ပီပြင်လာစေရန် ပြုလုပ်ရခြင်းမျိုးဖြစ်သည်။ ကျောက်သားမှာ မာကျောလေးလံသည့် အရာဖြစ်သဖြင့် သုံးစွဲရသည့်လက်နက်ကိရိယာ၊ ၀ိုင်းဝန်းလုပ်ဆောင်ရသည့် လူအင်အားက သစ်သားပန်းပုလုပ်ငန်းထက် ပိုမို အသုံးပြုရသည်။ ယခင်ကကျောက်သားကို စို့၊ ဆောက်၊ စူး စသည်တို့နှင့် ထုထွင်းခဲ့ကြရသည်။ ပိုမိုပင်ပန်း လက်ဝင်ကာ အချိန်ကြာမြင့်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်။ မန္တလေး-မူဆယ် လမ်းမကြီးကို အဆင့်မြင့် ပြုပြင် ဖောက်လုပ်ပြီးခဲ့သည့်နောက်ပိုင်းတွင် တရုတ်နိုင်ငံမှကုန်ပစ္စည်းမျိုးစုံ ဝင်ရောက်လာခဲ့သည်။ ထိုအထဲတွင် ကျောက်နှင့်ပတ်သက်သည့် ပညာရပ်များ၊ ကျောက်သမားသုံး လက်နက်ကိရိယာများ ပါဝင်လာခဲ့သည်။
ယခင် စို့ဖြင့် ထုထွင်းပုံဖော်ရသည့် ကျောက်ဆစ်ပညာရပ်နေရာတွင် ကျောက်စက်အရွယ်အစားမျိုးစုံက နေရာယူလာပြီဖြစ်သည်။ ကျောက်စိမ်းထည်များကို အချောထည်လုပ်ကိုင်ရာတွင် စက်ပစ္စည်းများအသုံးပြုမှု ရှိလာခဲ့ရာမှ စကျင်ကျောက်များ ထုဆစ်ရာတွင်လည်း ထည့်သွင်းအသုံးပြုလာကြခြင်းဖြစ်သည်။ လနှင့်ချီ ထုထွင်းပုံဖော်နေရသည့် ကျောက်တုံးကြီးများကို ရက်ပိုင်းအတွင်း အချောသတ်နိုင်ခဲ့သည်။ လက်မှုကိုစက်မှုနှင့် ပေါင်းစပ်လုပ်ကိုင် ကြခြင်းလည်းဖြစ်သည်။ ဆင်းတုတော်အရွယ်အစားပေါ်လိုက်ကာ လူအင်အားအသုံးပြုကြပြီး ထုတ်လုပ်နိုင်စွမ်းများတိုးလာခဲ့သည်။ ထို့အတွက်ကြောင့် ကျောက်ဆစ်လုပ်သားများ ဝင်ငွေတိုးလာသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်ပစ္စည်းကို တိုးတက်ထုတ်လုပ်ကာ ဈေးကွက်နေရာ ပိုမိုရှာဖွေလာနိုင် ကြသည်။ လုပ်ငန်းတွင်ကျယ်မှု ပိုမိုရှိလာသကဲ့သို့ ကျောက်ကိုစက်ဖြင့်ပွတ်တိုက်ရာမှ ထွက်လာသော အမှုန်များက ကျောက်ဆစ်တန်းအတွင်း အချိန်တိုင်းအတွက် မွန်းကြပ်နေစေတော့သည်။ ကွင်းပြင်ကျယ်ကျယ် နေရာကျယ်ကျယ်တွင် လုပ်ကိုင်ခွင့်ရလျှင် အနည်းငယ်သက်သာမည်ဖြစ်သော်လည်း လုပ်ငန်းတူများ ကပ်လျှက်ရှိနေသည့် ရပ်ကွက်အတွင်းဖြစ်နေသောကြောင့် အလုပ်ချိန်တိုင်း ကျောက်မှုန်များနှင့်ရောထွေး နေရ ပေသည်။

ကျောက်ဆစ်တန်းက အရောင်းဆိုင်တစ်ဆိုင်

ကုန်ကြမ်း
ကျောက်ဆစ်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်တောင်မှ ထုတ်ယူရရှိနိုင်သည်။ မန္တလေးမှ မတ္တရာသို့ ၂၁ မိုင်အကွာ အဝေးတွင် သွားရောက်နိုင်သည်။ ယင်းမှတဆင့် စဉ့်ကူး၊ လက်ပံလှ၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များသို့ သွားသည့်လမ်းပေါ်တွင်ရှိသော စကျင် ကျေးရွာသို့ ထပ်မံသွားရောက်ရခြင်းဖြစ်သည်။ စကျင်ရွာတွင် ကျောက်တောင်ကြီးများရှိပြီး ထိုကျောက်တောင် များမှ မြန်မာပြည်အရပ်ရပ်ကိုးကွယ်နေသည့် ကျောက်ဆင်းတုတော်များ၊ စေတီတော်များတွင် နေပူခံ ကျောက်ပြားအဖြစ် ခင်းထားသောကျောက်ပြားများ၊ အလှူဒါနများ ပြုကြရာတွင် ကဗ္ဗည်းမော်ကွန်းထိုးကြသည့် ကျောက်ပြား၊ ကျောက်တုံးများကို ထုတ်လုပ်ရယူနေခြင်းဖြစ်သည်။ မြန်မာဘုရင်မင်းတုန်းမင်းကြီး၏ ကောင်းမှု မန္တလေးကျောက်တော်ကြီးဘုရားကြီးမှသည် တပ်မတော်အစိုးရလက်ထက် တည်ထားပေးခဲ့သော ရန်ကုန်မြို့ ကျောက်တော်ကြီးဘုရားအထိ စကျင်တောင်၏ ကျောက်သားထုကို ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။ သတ္တုတွင်း ဝန်ကြီးဋ္ဌာန၏ ကျောက်ထုတ်လုပ်ပိုင်ခွင့်ရထားသော ကုမ္ပဏီများမှ ကျောက်ထုတ်လုပ်ပြီး တဆင့်ပြန်လည် ရောင်းချလိုသူ အသုံးပြုလိုသူများကို ရောင်းချပေးခြင်းဖြစ်သည်။ စကျင်ကျေးရွာသည် ကိုယ်တိုင် ဆင်းတုတော်၊ ကျောက်ပြားများ ထုလုပ်ကြသလို ကုန်ကြမ်းကျောက်တုံးများကိုလည်း မန္တလေးကျောက်ဆစ်တန်းအတွက် ပြန်လည်ရောင်းချပေးလျှက်ရှိနေသည်။ ထို့အတွက် မန္တလေး လုပ်ငန်းသမားများသည် ကျောက်ထုတ်သည့် ကုမ္ပဏီကြီးများထံ တိုက်ရိုက်ဝယ်ယူနိုင်သလို စကျင်ရွာတွင်းမှလည်း လိုအပ်သလို မှာယူရရှိနိုင်ကြသည်။ ကျောက်တုံးအရွယ်အစားပေါ်လိုက်ကာ ဘုရားဆင်းတုတော်များ ထုတ်လုပ်သကဲ့သို့ သေးငယ်လွန်းသည့် ကျောက်တုံးများကိုလည်း ဆင်ရုပ်၊ မြင်းရုပ် စသည်ဖြင့် လက်ဆောင် အရုပ်ငယ်များ ထုလုပ်ရောင်းချပေးလျှက် ရှိသည်။ ရန်ကုန်မြို့ ကျောက်တော်ကြီးဆင်းတုတော်ကို ထုဆစ်ပြုလုပ်သောပညာရှင်မှာ မန္တလေး ကျောက်ဆစ်တန်း က ဦးတော်တော် ဆိုသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဆရာကြီး မှာ ကွန်လွန်လေပြီဖြစ်ပြီး ဆရာကြီး၏ တပည့်သားမြေးများက ကျောက်ဆစ်ပညာရပ်ကို ဆက်လက်ထိန်းသိမ်း ပြုလုပ်လျှက်ရှိသည်။

ကျောက်ဆစ်လုပ်ငန်း၏ နောက်ဆုံးအဆင့် ပန်းချီရေးဆွဲခြင်း

လုပ်ငန်းအဆင့်ဆင့်
ဘုရားတစ်ဆူဖြစ်ပေါ်လာစေရန် ဉာဏ်တော်အရွယ်အစားအလိုက် ပညာရှင်များကို အဆင့်ဆင့် အသုံးပြုရသည််။ စက်ပစ္စည်းမည်မျှပင်ခေတ်မီပါစေ မြန်မာ့လက်မှုကျောက်ဆစ်ပညာကို ချန်ထားခဲ့၍မရ သည်ကိုတွေ့ရသည်။ ကျောက်ဆစ်ပညာကို အသုံးပြုပြီး ဘုရားဆင်းတုတော်တစ်ဆူပြုလုပ်ရန် ပညာရှင်ခုနှစ်ဦး အနည်းဆုံးလိုအပ်သည်ဟု သိရသည်။ ဘုရားတစ်ဆူပွင့်ရန်ဟု ဒေသခံများကပြောဆိုကြပြီး ထိုကဲ့သို့ ဘုရား တစ်ဆူ ပွင့်ထွန်းနိုင်ရန်အတွက်
(၁) စကျင်တောင် ကို ဖြိုခွဲ၍ ကုန်ကြမ်းထုတ်ရခြင်း၊
(၂) စကျင်ကျောက်တုံးကို ပုံကြမ်းအဖြစ်သို့ ထုဆစ်ရခြင်း၊
(၃) မျက်နှာတော်ပုံဖော်ရခြင်း၊
(၄) ဆံတော်ထိုးရခြင်း (ဆံပင်ပုံစံထွင်းထုခြင်း)၊
(၅) ခန္ဓာတော်ကိုပုံဖော်ရခြင်း (ကျောက်စက်ဖြင့်စား၍ပုံဖော်ရခြင်း)၊
(၆) ကျောက်လေးမျိုး၊ ကောက်ပတ်လေးမျိုးဖြင့် ရုပ်လုံးတော်တစ်ခုလုံးကို တိုက်ချွတ်ဆေးကြောရခြင်း
(၇)(ရွှေရေး) ပန်းချီပညာဖြင့် လိုအပ်သည့်နေရာများကိုရေးဆွဲခြင်း ဟူသည့် အဆင့်များကို လုပ်ကိုင်ဆောင်ရွက် ရသည်။
ကျောက်ဆစ်လုပ်ငန်းတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ဝင်ရောက်လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ ဆင်းတုတစ်ခုတွင် ဦးခေါင်းတော်၊ မျက်နှာတော်နှင့်ကိုယ်ခန္ဓာတို့ကို ထုဆစ်ပုံဖော်ပြီးသည်နှင့် ကျောက်ခဲလေးမျိုး၊ ကော်ပတ်လေးမျိုးဖြင့် အချောကိုင်သည့်အဆင့်ကို အမျိုးသမီးများက ပြုလုပ်ပေးလေ့ ရှိသည်။ ဉာဏ်တော်အလိုက် ဆင်းတုတစ်ဆူလျှင် နှစ်ဦးမှငါးဦးအထိ ဝင်ရောက်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဆင်းတုဉာဏ်တော်အငယ်များတွင် တစ်ဦးတည်းဆောင်ရွက်နိုင်ကြသည်။ နောက်ဆုံးအဆင့်မှ ဝင်ရောက်ရသည့် ရွှေရေးခြင်းဆိုသည်မှာ ကျောက်ဆင်းတုအပေါ်၌ ပန်းချီရေးဆွဲရသည့် ပညာရပ်ဖြစ်ပြီး ဆင်းတုတော်၏ မျက်ခုံးတော်၊ မျက်လုံးတော်၊ နှုတ်ခမ်းတော်၊ သင်္ကန်းတော် စသည်များတွင် လိုအပ်သည့် အရောင်များအား ထည့်သွင်းရေးဆွဲပေးရသည်။ ရွှေရေးပညာရှင်သည် ပန်းချီဆေးရေးပညာကို စိုက်ထုတ် အသုံးပြုခြင်းဖြစ်ပြီး လုပ်ငန်းရှင်မှဆေးရေးပစ္စည်းများကို စိုက်ထုတ်ပေးရသည်ကို တွေ့ရသည်။ ထိုအတူ ကျန်သည့်ပညာရှင်များအတွက် လိုအပ်သည့်လက်နက်ကိရိယာ ကုန်ကြမ်းပစ္စည်းအားလုံးကိုလည်း စိုက်ထုတ် ထား ရခြင်းဖြစ်ပြီး ဝင်ရောက်လုပ်ကိုင်သူများအတွက် ပညာကြေးရရှိနိုင်ကြသည်။

စက်ပစ္စည်းများ၏ အကူညီဖြင့်လည်း လုပ်ကိုင်ရသည်

ကျောက်ဆစ်လုပ်ငန်း
မန္တလေးမြို့ ကျောက်ဆစ်တန်းမှတဆင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးသို့ ပို့ဆောင်ရောင်းချ ပေးလျှက်ရှိသည်။ ကျောက်ဆင်းတုတော်များကို အမှာရှိသည့်အတွက် ထုလုပ်ခြင်းရှိသလို၊ ကိုးကွယ်လိုသူများ အတွက် အဆင်သင့်ပြုလုပ်ထားပေးခြင်း စသည်တို့ရှိကြသည်။ မြန်မာပြည်အနှံ့မှ ကိုးကွယ်လိုသည့် ဘာသာဝင်များက လာရောက်ဝယ်ယူကြသည်။ စကျင်ကျောက်ကိုအတန်းစားသုံးမျိုးခွဲပြီး ဈေးသုံးမျိုးသတ်မှတ် ပြုလုပ်ကြသည်။ ကျောက်အရည်အသွေးကောင်းပြီး အနုစိတ်လက်ရာများ ပုံဖော်ပြုလုပ်ထားသည်ကို ပထမ အတန်းစားဟု သတ်မှတ်ရောင်းချသည်။ ပထမတန်းစားကျောက်သည် အရည်အသွေးကောင်းပြီး အနုအနွဲ့ လက်ရာများကို ဖန်တီးပြုလုပ်နိုင်သဖြင့် ဈေးကောင်းရသည်။ ပထမတန်းစားကျောက်သားဖြင့် ဉာဏ်တော်ငယ် လွန်းသည်များကို ထုလုပ်လေ့မရှိဘဲအသေးဆုံး တစ်ပေ နီးပါးအရွယ်မှပြုလုပ်ကြသည်။ ဉာဏ်တော်ကိုတိုင်းထွာ ရာတွင် ပုံတော်ကိုသာတိုင်းထွာပြီး ပုံတော်အောက်မှ ပလ္လင်ကိုထည့်သွင်းခြင်းမရှိပေ။ တတိယတန်းစား ကျောက်သားသည် အကြမ်းခံပြီး ဈေးနှုန်းသက်သာသည်။ ယင်းကိုလုပ်ငန်းခွင်အတွင်း ပိတ်သားဟုခေါ်ကြပြီး စေတီတော်များရှိ ဂြိုဟ်တိုင်မှ ဆင်းတုတော်များထုလုပ်ရာတွင် အများဆုံးအသုံးပြုကြသည်။
ကျောက်ဆင်းတုတော်များကို လူနေအိမ်များတွင်ထုလုပ် ကိုးကွယ်ခြင်းမှာနည်းပါးပြီး အများသူငါ ကိုးကွယ်ရန်အတွက် ဘုန်းကြီးကျောင်းများ၊ စေတီတော်များ၌သာ တည်ထားခြင်းက များသည်။ အိမ်တွင်ထား၍ မကိုးကွယ်ကောင်းဟု အချို့ကလည်း အယူအဆရှိကြသည်။ ကျောက်ဆစ်တန်းတွင် ဘုရားဆင်းတုတော်များ သာမက လာရောက်အပ်နှံသည့် ကိုးကွယ်ရန်နတ်ပုံတော်များ၊ ဘိုးတော်၊ မယ်တော်ပုံများ၊ တရုတ်၊ ကုလား နတ်ပုံများ စသည်တိုကိုလည်း ထုလုပ်ပေးလျှက်ရှိသည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ဝန်းကျင်တစ်ဝိုက် ဘုရားပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် ကျောက်ဆစ်လက်ရာများကိုမြင်တွေ့ရပြီး လောကနတ်၊ သမ္မတ၊ နေလ၊ ရွှေလရောင် စသည့် နိဗာန်ကုန်ဆိုင်ကြီးများ၌ ကျောက်ဆစ်လက်ရာ အရွယ်စုံ ပုံသဏ္ဍာန်မျိုးစုံကို ဝယ်ယူရရှိနိုင်ပါသည်။

ရုပ်ပွားတော်ကို တိုက်ချွတ်ဆေးကြောနေစဉ်

ကျောက်ဆစ်တန်းမှအပြန်
ကျောက်ဆစ်လုပ်ငန်းခွင်တွင် ဆင်းတုတော်များကို သစ်သားတန်းများဖြင့်ထုတ်ပိုးပြီး မှာယူသည့် နေရာ သို့အရောက် ပို့ဆောင်ပေးနေသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ကျောက်ဆစ်တန်း၏ လမ်းဘေး ဝဲယာတွင် ထုဆစ်ပြီးသား ရုပ်ပွားတော်များ၊ ပုံကြမ်းကိုင်ထားသည်များ၊ ဆင်းတုတော်ထုဆစ်နေကြသည်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေကြသည့် ကျောက်ဆစ်ပညာရှင်များကို မြင်တွေ့နေရသည်။ နယ်အမှာရှိသည့်ဆိုင်များကလည်း ပို့ဆောင်ရမည့်ပုံတော်များကို စနစ်တကျထုတ်ပိုးပြင်ဆင်နေကြသည်။ ကျောက်ဆင်းတုတော်များဖြစ်သည့်အတွက် အလေးချိန်များသောကြောင့် နီးနားဝန်းကျင်လုပ်ငန်းတူများက ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေကြသည်မှာ မြန်မာတို့၏တန်ဖိုးရှိသည့် ဓလေ့တစ်ခုဖြစ်သည်။ ယဉ်ကျေးမှု မြို့တော်ဖြစ်သည့် မန္တလေးတွင် မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့စရိုက်များကို တစ်နေရာတစ်ဝင်းတည်း စုစည်း တွေ့မြင်ရသည်မှာ စိတ်ကျေနပ်ဖွယ်ရာဖြစ်ပါသည်။ ဆက်လက်၍ ယခုကဲ့သို့ မြန်မာ့ဓလေ့ထုံတမ်းများနှင့် ရိုးရာ အမွေအနှစ်များကို သားမြေးစဉ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်သွားနိုင်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက် ရပါသည်။

Leave a Reply

Your email address will not be published.