မျက်ပါးရပ်မှအတွေး (သို့မဟုတ်) မန္တလေးက ရွှေဆိုင်းလုပ်ငန်း

မြန့်မာ့ရွှေဆိုင်းလက်ရာများကို စိတ်ဝင်တစား ကြည့်ရှုနေပုံ

လှမင်းနိုင်

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သည့် နိုင်ငံဖြစ်သကဲ့သို့ ကိုးကွယ် ယုံကြည်မှု တွင်လည်း နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ထားသည်။ ထေရဝါဒဗုဒ္ဓဘာသာကို စွမ်းစွမ်းတမံ ထိန်းသိမ်း စောင့်ရှောက်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ အလည် တွင် ထင်ရှားသည်။ ဒါန သီလ ဘာဝနာ သုံးတန်သော ကုသိုလ်အမှုကို ပြုစုထိန်းသိမ်းသော မြန်မာဗုဒ္ဓဘာသာဝင် များသည် မြတ်ဘုရား၏ ကိုယ်စားတော် ရုပ်ပွား ဆင်းတုများ စေတီတော်များကို အထွတ်အမြတ်ထား ပူဇော်မှုပြုကြသည်။ ထိုသို့ပူဇော်ရာတွင် လူတို့ဘာဝ တန်ဖိုးမြင့်သော ရွှေကို တင်လှူပူဇော်လာကြသည်။ ရွှေသည်ရှားပါးပြီး တန်ဖိုးရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားမရွေး ပါဝင်လှူဒါန်းနိုင်ရေးအတွက် သင့်တင့်သည့်စျေးနှုန်းဖြင့် ရွှေအစစ်သင်္ကန်းငယ်လေးများ ရွှေပြားငယ်လေးများ ပြုလုပ်လာခဲ့ကြသည်။ ရွှေအစစ်ကိုအပါးအလွှာဆုံးဖြစ်ရန် ထုခတ်သည့် လုပ်ငန်းသည် ဘာသာရေးကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မြန််မာပြည်အရပ်ရပ်မှ စေတီပုထိုးများ၊ ရုပ်ပွား ဆင်းတုတော်များသည်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်စိုးစံသော ဘုရင်အသီးသီးနှင့် ပြည်သူပြည်သားတို့ ကောင်းမှုကြောင့် ရွှေရောင်တိုင်းပြည်ဖြစ် လာခဲ့သည်။ ထို့အတွက်မြန်မာပြည်ကို The Golden Land ဟု တင်စားခေါ်ဝေါ်ကြရသည်အထိ ဂုဏ်ယူကြည်နူးဖွယ်ရာ ဖြစ်ခဲ့သည်။

ဘုရားဆင်းတုတော်များ၊ စေတီပုထိုး တော်များကို ကပ်လှူပူဇော်နိုင်ရန် ရွှေပြားခတ်သည့်လုပ်ငန်းမှာ မြန်မာတစ်နိုင်ငံလုံး တွင် တစ်နေရာသာရှိသည်။ ယဉ်ကျေးမှုမြို့တော်ဟု အမည်ရသည့် မန္တလေးမြို့ မျက်ပါးရပ် တွင် ရတနာပုံခေတ်စတင် က တည်းက တည်ရှိနေပြီး ယနေ့တိုင် ရိုးရာမပျက်၊ ရှေးလက်မှုပညာမပျက် ထိန်းသိမ်း စောင့်ရှောက်လုပ်ကိုင်လျက်ရှိသည်။ ဂုဏ်ယူမြတ်နိုးဖွယ်ရာကောင်းသော မြန်မာ့ လက်မှုအနုပညာ ရွှေဆိုင်း လုပ်ငန်းများရှိသည့် မျက်ပါးရပ်သို့ အရောက်သွားကာ မှတ်တမ်းတင်လေ့လာမိခဲ့သည်။ လေ့လာမှတ်တမ်းပြု မိသည်များကို ပြန်လည်ရေးသား မျှဝေရခြင်းဖြစ်ပါသည်။

ရိုးရာအစဉ်အလာ မပျက် ပူဇော်ပသထားတဲ့ မျက်ပါးခတ် လုပ်ငန်းခွင်

ရွှေဆိုင်းလုပ်ငန်း                

ရွှေဆိုင်းလုပ်ငန်းကို ရှေးအခါက မျက်ပါးခတ်သည့်လုပ်ငန်းဟု ခေါ်ခဲ့ကြသည်။ ယင်းအလုပ်သည် တစ်ဦးကောင်း တစ်ဖွဲ့ ကောင်းဖြင့် လုပ်ကိုင်ရသည်မဟုတ်ဘဲ ဝိုင်းဝန်းစုပေါင်းကာ ဆောင်ရွက်ကြရခြင်း ဖြစ်သည်။ မျက်ပါးခတ်သူများ တစ်စု တစ် ဝေးတည်း ရှိနေသည့်အရပ်ကို မျက်ပါးရပ်ဟုခေါ်ကြသည်။ မန္တလေးမြို့ မင်းတုန်းမင်းကြီး၏ ရတနာပုံခေတ်တွင် မျက်ပါး ခတ်လုပ်ငန်းသည် အထင်ကရနှင့် အတည်တကျ ဖြစ်ပေါ်လာ ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ဆိုင်ရာ တူရာပညာသည် များ စုစည်းပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင် စေခဲ့ရာ မျက်ပါးရပ်သည်အပါအဝင်ဖြစ်သည်။ မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်း သည် ဘုရင်မင်းမြတ် လက်ထက် နန်းတော်သုံးပညာရပ်အဖြစ် မြှောက်စားခံခဲ့ရသည်။ မင်းတုန်းမင်းကြီးလက်ထက်မှ စတင် ခဲ့သော  ရွှေဆိုင်း လုပ်ငန်းကို မျက်ပါးရပ်တွင် ယနေ့တိုင် ထိန်းသိမ်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မျက်ပါးခတ်သည့် အဓိကနေရာ

မျက်ပါးရပ်ဟု ခေါ်သည့် နေရာမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းတွင် တည်ရှိပါသည်။  အချို့က ရွှေဆိုင်း လုပ် ငန်း ကို မန္တလေးမြို့ မျက်ပါးရပ်တွင်သာဆောင်ရွက်နို််င်ပြီး အခြားဒေသတွင် လုပ်ကို်င်ပါက အောင်မြင်မှုမရနိုင်ဟု ဆိုကြ သည်။ မှန်သင့်သလောက်သာ မှန်ပါသည်။ ရာသီဥတုအနေအထား၊ လိုအပ်သည့်မြေနေရာအကျယ်အဝန်း၊ ရွှေဆိုင်း ပညာ ရှင်များ၊ ကုန်ကြမ်းပစ္စည်းများ လုံလုံလောက်လောက်သာ မျက်ပါးရပ်မှာကဲ့သို့ ရရှိနေမည်ဆိုပါက အခြားဒေသများတွင် လုပ် ကိုင် ဆောင်ရွက်နိုင်ကြသည်ဟု သိရသည်။ ရွှေဆိုင်းလုပ်ငန်းသည် ရွှေစင်ရွှေသား အစစ်ကို အခြေခံသည့်အတွက် အရင်း အနှီးကြီးသည်။ ဆက်စပ်ပါဝင်သည့် လုပ်ငန်းခွဲကများသည်။ ထိုလုပ်ငန်း ခွဲများတွင် ကျွမ်းကျင်ပညာရှင်များလိုအပ်သည်။ ထို့အတွက် ရွှေဆိုင်းပညာရှင်များစွာဖြင့် အရပ် တည်ထားသည့် မန္တလေး မျက်ပါးရပ်က ပိုမို သင့်တော် အခြေကျနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးတွင် မန္တလေးမြို့ တစ်ခုတည်းမှာပင် ရွှေဆိုင်းလုပ်ငန်းကို လုပ်ကို်င် နေခြင်းကို တွေ့ရသည်။

ကြိတ်စက်နဲ့ဆွဲထားတဲ့ ရွှေနန်ပြားများ

ရွှေဆိုင်းလုပ်ငန်းခွဲများ                

ရွှေဆိုင်းထုတ်လုပ်သော လုပ်ငန်းများသို့ သွားရောက်လေ့လာမည်ဆိုပါက အောက်ခံကျောက်တုံးပေါ်မှ ရွှေပြားထုတ်ကို အပေါ်အကျီဗလာနှင့် ခြောက်ပေါင်တူ ကိုယ်စီဖြင့် ထုနှက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ရွှေပြားကို အကြိမ် ကြိမ်နာရီပေါင်းများစွာ ထုနှက်နေရုံဖြင့် လိုအပ်သည့် ရွှေဆိုင်းကို ရလာမည်တော့ မဟုတ်ပေ။ ပါဝင်သည့်ကုန်ကြမ်းများ၊ ဆက်စပ်သည့်လုပ်ငန်းခွဲများ၊ ပညာရပ်များ၊ စည်းကမ်းဥပဒေသများဖြင့် ဖွဲ့စည်း စုစည်းမှသာလျင် ကောင်းမွန်ပြည့်စုံသော ရွှေဆိုင်းကို ရရှိလာနိုင်ပေလိမ့်မည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်းခွဲ ၇ ခုခန့် ပေါင်းစပ်ခြင်း ဖြစ်သည်။ ပညာရှင်တစ်ဦးက လုပ်ငန်းတစ်ခုတာဝန်ယူသည်ဆိုလျှင် ခုနှစ်ဦး ပေါင်းစပ်ရခြင်း ဖြစ်ပြီး တစ်အိမ်မှတစ်ခု လုပ်ကို်င ဆိုလျှင်လည်း ခုနှစ်အိမ် ပေါင်းစည်း လုပ်ကိုင်ကြခြင်းဖြစ်ပေ တော့သည်။ အဓိကပါဝင်နေသည့် ကုန်ကြမ်းများမှာ ရွှေစင်ရွှေသားအစစ်ကို နန်းဆွဲခြင်း၊ ဝါးစက္ကူပြုလုပ်ခြင်း၊ ကောက်ရိုးစက္ကူပြုလုပ်ခြင်း၊ (ရွှေလှောင်စက္ကူဟုလည်းခေါ်သည်။)၊ ကက္ကူဆန်ကျောက်မှုန့်ပြုလုပ်ခြင်း (ငယ်စဉ် အခါ စာရေးသည့်ကျောက်တံကို ကက္ကူဆန်ဟုခေါ်သည်။ ကျောက်တံမှုန့်ကို ရွှေကိုင်ရာတွင် လက်နှင့် ရွှေမကပ်ရန် အသုံးပြုရသည်)၊ ရွှေပြားကိုဖြတ်ရာတွင်အသုံးပြုရသည့် ကျွဲချိုဓါးပြုလုပ်ခြင်း၊ ရွှေခတ်ရာတွင် အသုံးပြုသည့် ခြောက်ပေါင် တူ၊ ရွှေစင်ရွှေသားကိုပတ်ရသည့် သမင်သားရေ၊ အချိန်နာရီကို အမှတ်အသား ပြုရသည့် ရေနာရီတို့ဖြစ်ကြသည်။

ခြောက်ပေါင်တူ၊ နာရီ၊ ကျွဲချိုချောင်းတို့မှာ အချိန်ကြာကြာ နှစ်ပေါက်အောင် သုံးနိုင်သော်လည်း စက္ကူနှင့် ကက္ကူဆံမှုန့် တို့မှာ အရေအတွက်များများ လိုအပ်သည်။ ယခင်အချိန်က လုပ်ငန်း တစ်ခုချင်းအလိုက် တစ်စုတစ်ဝေးတည်းမရှိဘဲ ပညာရှင် အလိုက် နေရာကွဲပြားစွာ တည်ရှိလုပ်ကိုင်ကြသည်။

အားအင်အပြည့်နဲ့ ရွှေဆိုင်းထုခတ်နေကြပုံ

ယခုကာလအချိန်တွင် ပညာရှင်များအားလုံး၊ လုပ်ငန်းငယ်များအားလုံးကို တစ်နေရာတည်း တစ်မိုးအောက် တည်းတွင် စုစည်းပြီး  အစမှအဆုံးတိုင် ဆောင်ရွက်လာကြသည့် လုပ်ငန်းကြီးများကို မြင်တွေ့လာရသည်။  မျက်ပါးရပ်မှ ရွှေဆိုင်းလုပ် ငန်းကြီးတစ်ခုဖြစ်သော ဂဠုံမင်း ရွှေဆိုင်းလုပ်ငန်းသည် အစမှအဆုံးအထိလေ့လာ နိုင်ခြင်းကြောင့် နံနက်လင်းသည့်ချိန်မှ ညနေစောင်းချိန်အထိ မန္တလေးသို့လာရောက်ကြသည့် ပြည်တွင်း ပြည်ပမှ ခရီးသည်များသည် ကားကြီးကားငယ်မျိုးစုံဖြင့် လာရောက်ကြည့်ရှု့ ကြသည်ကိုတွေ့ရသည်။ အများ အားဖြင့် ပြည်တွင်းမှ ဧည့်သည်များထက် နိုင်ငံခြားခရီးသွားများက ပိုမို စိတ်ဝင်စားကြသည်။ ရွှေဆိုင်း လုပ်ကိုင် ကြသည်ကို တကူးတက လာရောက်ကာ လေ့လာကြည့်ရှု့ကြသည်ကို တွေ့ရ သည်။ ဂဠုံမင်း ရွှေဆိုင်း လုပ်ငန်း ကလည်း ဧည့်သည်များ သေချာစွာလေ့လာနိုင်ရန် လုပ်ငန်းခွင်ကို ပြင်ဆင်ထားပြီး အမှတ်တရ ဝယ်ယူသွား နိုင်ရန် အရောင်းခန်းမကို ပြုလုပ်ပေးထားသည်။ ထို့အတွက် ရွှေဆိုင်းလုပ်ကိုင်ခြင်းကို အဆင့်တစ်ခုချင်း အလိုက် လေ့လာနိုင်သလို ရွှေဆိုင်းနမူနာများနှင့် အခြားသော မြန်မာမှုလက်ရာများကို အိမ်ပြန်လက်ဆောင် ဝယ်ယူသွား နိုင်ကြသည်။

ရိုးရာမပျက် အသုံးပြူနေတဲ့ရေနာရီ

ရွှေဆိုင်းပြုလုပ်ခြင်း

                ရွှေဆိုင်းပြုလုပ်ရန်ပထမဆုံးပြုလုပ်ရသည်မှာ နန်းကြိတ်ခြင်းဖြစ်သည်။ နန်းပြားဆွဲသည်ဟုလည်း ခေါ်သည်။ ခေတ်မီပညာရပ်များမပေါ်မီကာ ရွှေတုံးကိုပေပေါ်တင်ပြီး ပါးလွှာသွားစေရန် အပြားခတ်ရခြင်း ဖြစ်သည်။ ယခုအချိန်တွင် စက်ဖြင့်ကြိတ်ဆွဲ လုပ်ကိုင်နိုင်ပြီဖြစ်သည်။ ရွှေဆိုင်းလုပ်ငန်းတစ်ခုလုံးကို ရိုးရာ မပျက် လက်မှုပညာ အဓိကထား လုပ်ကိုင် သည် ဆိုသော်လည်း ယင်းတစ်ခုမှာ ချွင်းချက်ဖြစ်သည်။  ရွှေသား သုံးမတ်သားတုံးကို အရှည် ၅ ပေရစေရန် နန်းဆွဲရခြင်း ဖြစ်သည်။ စက်ဖြင့်ကြိတ်ဆွဲ ရခြင်းကြောင့်သာ သက်သာလွယ်ကူသည်။ တူဖြင့်ထုနေရမည်ဆိုပါက အချိန်တော်တော် ပေးရဦးမည်ဖြစ်သည်။ အခေါက်ရွှေ စစ်စစ်ကိုသာ အသုံးပြုရခြင်းဖြစ်ပြီး ကြေးရောခြင်း ဘော်ရောခြင်းကို မပြုလုပ်ရပေ။ အကယ်၍ ရောနှော လုပ်ကိုင်ပါက အရောင်အဆင်းမကောင်းသောကြောင့် ၁၆ ပဲရည် ရွှေစင်စစ်စစ်ကိုသာ သုံးရခြင်းဖြစ် သည်။ ကြိတ်စက်ဖြင့် ဆွဲထားသော ၅ ပေအရှည် ရပြီးသည့် ရွှေနန်းပြားကို ဦးစွာ အပိုင်းစ ၂၀၀ ပြား ရစေရန် ရွှေဖြတ်ကတ် ကြေးဖြင့် ပိုင်းရသည်။ ရွှေကိုဖြတ်သည့် ကတ်ကြေးမှာသီးသန့် မှာယူလုပ်ကိုင်ရခြင်းဖြစ်သည်။ အပိုင်း ၂၀၀ ရအောင်ဖြတ် သည့်အခါ တစ်စနှင့် တစ်စ ကို အရွယ်အစား တူညီမှုရှိနေစေရန် အတိအကျ တိုင်းထွာပိုင်းဖြတ်ရသည်။ အပိုင်းစကလေးများ ရပြီဆိုသည်နှင့်  ဝါးစက္ကူတစ်ထပ် ရွှေပြားတစ်ထပ် အကြား အလပ်မရှိ ထည့်သွင်းရသည်။ဝါး သန့်ရှင်းစင်ကြယ်နေစေရန် လိုအပ်သည်။ အမှိုက်တစ်စ ကပ်ငြိ မနေစေရန် ဂရုပြုရသည်။ အမှိုက်ပါဝင်သွားပါက ရွှေပြားခတ်ရာတွင် ရောထွေးသွား တတ်ပြီး သန့်စင်သော ရွှေဆိုင်းမရတတ်ပေ။ လုပ်ငန်းအခေါ်အားဖြင့် ရွှေပျက်သည်ဟု ခေါ်ကြသည်။ ထို့အတွက် ဝါးစက္ကူ တစ်ထပ် ရွှေတစ်ထပ် ထည့်သွင်းရာတွင် သန့်ရှင်းသည့် မှန်လုံခန်းအတွင်းတွင် ပြုလုပ်လေ့ရှိသည်။ ရွှေနှင့်စက္ကူအထပ် ၂၀၀ စီထပ်ပြီးသည်နှင့် ယင်းအထပ်ကို သမင်သားရေဖြင့် လုံခြုံအောင်ဖုံးအုပ်ရသည်။ ထို့နောက် အောက်ခံ ကျောက်ပြားတုံးပေါ် တင်၍ ငြိမ်နေစေရန် စည်းနှောင်ထားကာ ပထမဆုံးအကြိမ် ခြောက်ပေါင်တူဖြင့် ထုခတ် ရသည်။ လုပ်ငန်းအခေါ်အားဖြင့် အယ ခတ်သည်ဟုခေါ်ပြီး နာရီဝက်တိတိကြာမြင့်သည်။ ပထမ အကြိမ် အယ ခတ်မှုပြီးသည်နှင့် သမင်သားရေကို ဖြည်ရ သည်။ ထိုအခါ တူဖြင့် ထုနှက်ချက်များကြောင့် ရွှေစငယ်များသည် အနည်းငယ် စန့်နေသည်ကိုတွေ့ရမည်။ ယင်းရွှေများကို ထက်ဝက်စီ အညီအမျှကတ်ကြေးဖြင့် ဖြတ်ပိုင်းရသည်။ ထိုအခါ ရွှေပြားငယ် ၁၂၀၀ ဖြစ်လာသည်။

ဓါတ်ပုံမှတ်တမ်းတင်နေတဲ့ နိုင်ငံခြားခရီးသွားများ

ထိုရွှေပြားငယ်များကို စက္ကူတစ်ထပ် ရွှေတစ်ထပ်အကြားအလပ်မရှိ ယခင်လုပ်သကဲ့သို့ ထည့်သွင်းရသည်။ ရွှေအထပ်မှာ မူလထက် ၂ ဆဖြစ်သွားသည်ကို နှစ်ထုတ်ခွဲထုတ်ပြီး နောက်တစ်ကြိမ် နာရီဝက် တူဖြင့်ထုနှက်ရသည်။ ဒုတိယအကြိမ်ရွှေပြားကို တူဖြင့်ထုခတ်ခြင်းကို ပဇ ခပ်သည် ဟု ခေါ်ကြသည်။ တူထုချက်များ ရွှေသားအနှံ့ကျရောက်စေရန် အချက်အရေအတွက်ကို မှတ်သားကာ အထက်အောက်လှန် နေရာပြောင်းပေးရသည်။ တူထုချက်မှန်မှန်အချက် ၄၀ ကို တစ်မိနစ်သတ်မှတ်ထားပြီး  အချက် ၁၂၀ သုံးမိနစ် ပြည့်သည်နှင့် အထက်အောက် တစ်ကြိမ်နေရာပြောင်းရသည်။ ဆယ်ကြိမ် နေရာ ပြောင်းပြီးလျှင် မိနစ်သုံးဆယ် နာရီဝက်ပြည့်ပြီဟု သတ်မှတ်သည်။ နာရီဝက်နှစ်ကြိမ် အယ နှင့် ပဇ ခတ်ခြင်းကို အထုတ်သေးခတ်သည် ဟု ခေါ်ကြသည်။ အထုတ်သေး ခတ်ပြီးသည်နှင့် တတိယအကြိမ်မြောက် အထုတ်ကြီး ခတ်ရသည့် အဆင့်သို့ရောက်ပြီဖြစ်သည်။ အထုတ်ကြီး ခတ်ရာတွင် ယခင် ရွှေပြား ၁၂၀၀ ကို အပြား ၇၂၀ ပြန် ရရန် ဖြတ်တောက်ပေါင်း စပ်ပြီး ဝါးစက္ကူအရွက်ကြီးတွင် ရွှေတစ်ရွက် စက္ကူတစ်ရွက်ထည့်သွင်းရသည်။ ပြုလုပ်ရသည့် လုပ်ငန်းမှာ တစ်ဖြည်းဖြည်းနှင့် ပိုအသေးစိတ်ကာ ပို၍အနုစိတ်လာသည်။ ယခင် ရွှေပြား ထက်လည်း အနည်းငယ်အရွယ်ကြီးသွားသည်ကို တွေ့ရသည်။

တတိယအကြိမ်ထုခတ်ရခြင်းကို အထုတ်ကြီး ခတ်ခြင်း ဟုခေါ်သည်။ ဘုရားဆင်းတုတော်များတွင် ကပ်လှူ ပူဇော်နေသော ရွှေဆိုင်းအဖြစ်သို့ရောက်စေရန် နောက်ဆုံးထုခတ်ရသည့် အဆင့်ဖြစ်ပေသည်။ ထိုသို့ထုခတ် ရာတွင် ရိုက်ချက်မှန်မှန်ဖြင့် ၅ နာရီတိတိ ကြာမြင့်သည်အထိ မရပ်မနား ပြုလုပ်ရမည်ဖြစ်သည်။ ၅ နာရီတိတိ ခြောက်ပေါင်တုဖြင့် ရွှေထုတ်ကို မနားတမ်း ထုခတ်ရမည့်အလုပ်ဖြစ်သည်။ ထုခတ်နေသည်ကို ရပ်နားလိုက်မည်ဆိုပါက ပထမပိုင်းက အပူပျံ့နှံ့နေမှုများ လျော့ပါးသွားပြီး ရွှေပျက်သွားမည် ဖြစ်သောကြောင့် တစ်ဆက်တည်း ပြုလုပ်ရခြင်းဖြစ်သည်။ ရွှေထုခတ်ရာတွင် အဖွဲ့လိုက် လုပ်ကိုင်ရပြီး တစ်ဖွဲ့ တွင် အနည်းဆုံး သုံးဦးပါဝင် ရသည်။ လုပ်ငန်းကြီးများတွင် ငါးဦးနှင့်အထက် ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရ သည်။ အတိုအထွာ လက်တိုလက်တောင်းခိုင်းနိုင်ရန် ပညာသင်တပည့် မွေးထားရသည်လည်း ရှိသေးသည်။ ထုခတ်ချိန် ၅ နာရီ တိတိ သတ်မှတ်ထားသည့်အတွက် အလှည့်ကျ နားနေကြရသည်။ လူနားသော်လည်း အလုပ်မပြတ်ရန် အလှည့်ကျမ ပြတ် တမ်း ရွှေကိုခတ်နေရခြင်းဖြစ်သည်။ လူပြောင်းသွားသော်လည်း တူကို မပြတ်တမ်းထုနေရင်း နောက်လူလက်ကို ပြောင်းပေးသွားရခြင်းဖြစ်သည်။ လုပ်ငန်းကျွမ်းကျင်မှု အလေ့အကျင့်မရှိလျှင် လုပ်မရသည့် အလုပ်ဖြစ်သည်။ ၅ နာရီ အချိန် ပြည့် လုပ်ကိုင်ရခြင်း အတွက် စက်နာရီအသုံးပြုမှုမရှိဘဲ ရှေးခေတ်ကကဲ့သို့ ရေနာရီကိုသာသုံးခြင်းသည် ထူးခြားမှုတစ်ခု ဖြစ် ပေသည်။ လက်ဖက်ရည်ပန်းကန်လုံးကြီးအရွယ်အစား အချောသတ်ထားသည့် အုန်းမှုတ်ခွက်ကို အပေါက် ဖောက် ကိုင်းတပ် ထားပြီး စဉ့်အင်တုံတွင် ရေအပြည့်ဖြည့်ကာ အသုံးပြုခြင်းဖြစ်သည်။ ရေနာရီဟုခေါ်ကြသည်။ ထူတုချက် အချက် ၁၂၀ တွင် အုန်းမှုတ်ခွက် ရေအင်တုံထဲ အမြုပ်ကို အတိအကျ တိုင်းထွာပြုလုပ်ထားခြင်း ဖြစ်သည်။ ရွှေခတ်ချက် ၁၂၀ ပြည့်တိုင်း အုန်းမှုတ်ခွက်တစ်ကြိမ် မြုပ်သည်။ ခွက် ၁၈ ခါ မြုပ်ခြင်းကို တစ်နာရီ ဟု သတ်မှတ်သည်။ ခွက်အကြိမ် ၉၀ မြုပ်သွားလျှင် ငါးနာရီ တိတိ ပြည့်ပြီဖြစ်ပြီး ရွှေဆိုင်းဖြစ်ရန် ထုခတ်ခြင်း အဆုံးသတ်ပြီဖြစ်သည်။

နောက်ဆုံးအဆင့် ရွှေဆိုင်းများကို လေလုံနေလုံရေလုံခန်းအတွင်း ထုတ်ပိုးနေပုံ

၅ နာရီဆက်တိုက် ရွှေပြားခတ်ခြင်း ပြီးဆုံးပြီးသည့်နောက် သမင်သားရေကိုခွာကာ ပါးလွှာနေသော ရွှေဆိုင်းများကိုထုတ်ပြီး ဖြတ်တောက်ထုတ်ပိုးရန်အတွက် ထုတ်လုပ်ရေးအခန်းသို့ ပို့ဆောင်ပေးရသည်။ ထုတ်ပိုးအခန်းသည် အနုစိတ်ပြုလုပ်ရ သည့် နေရာဖြစ်ပြီး သန့်ရှင်းသပ်ရပ်ရန် လေလုံ၊ နေလုံ၊ ရေလုံ သည့် မှန်လုံခန်း ဖြစ်သည်။ ထိုအဆင့်ကို အမျိုးသမီးများက ပြုလုပ် လေ့ရှိကြပြီး အမျိုးသားများ ထံမှရောက်ရှိလာသော ရွှေဆိုင်းများကို ဖြတ်တောက်လှီးဖြတ်ကာ အရွယ်အစားအလိုက် ထုတ်ပိုးပြုပြင်ရခြင်းဖြစ်သည်။ ဒေသအလိုက် ကြိုက်နှစ်သက်သည့် ၁ လက်မပတ်လည်၊ ၂ လက်မပတ်လည် စသည်ဖြင့် စက္ကူပြားလေးများဖြင့်ရွှေကိုကပ်ကာ ပြင်ဆင်ပေးရသည်။ ရွှေပြားများမှာ အမှုန်သာသာဖြစ်နေသည့်အတွက် အလေအလွင့် မဖြစ်စေရန် နူးညံ့ ငြင်သာစွာကိုင်တွယ်ကြရသည်။ လေပန်ကာ၊ အဲကွန်း၊ ယပ်တောင် တို့ကို အသုံးပြုခြင်းမလုပ်ရဘဲ အသက် ပြင်းပြင်းရှူခြင်း၊ သက်ပြင်းချခြင်းတို့ကိုပင် ထိန်းသိမ်းကာ သတိကြီးကြီးဖြင့် လုပ်ကို်င်ရခြင်းဖြစ်သည်။ ရွှေပြားနှင့် လက်အ သား ကပ်ငြိ နေမည်စိုးသည့်အတွက် ကက္ကူဆံမှုန့်ကို လက်တွင် ပွတ်လိမ်းရသည်။ ရွှေပြား ၁၀၀ တိတိ ပါဝင်သည့် အထုတ်ကို ရွှေတစ်ဆိုင်းဟုခေါ်သည်။ နေ့စဉ်ရွှေပေါက်စျေးပေါ်လိုက်ပြီး ရွှေတစ်ဆိုင်း စျေးနှုန်းမှာ အတိုးအလျော့ရှိသည်။ ပုံမှန်အားဖြင့် ၂ လက်မပတ်လည် ရွှေတစ်ဆိုင်း ခုနှစ်သောင်းဝန်းကျင်တွင် ရှိသည်။ ၂၀၁၅-၂၀၁၆ ခုနှစ်ခန့် ရွှေစျေးအရ လေးသောင်းကျော်ခန့်ရှိခဲ့သည်။ ယခုရွှေစျေးမှာ တစ်ကျပ်သား ဆယ်သိန်း အထက် ရောက်နေခြင်းကြောင့် ရွှေဆိုင်းစျေးမှာ လိုက်မြင့်နေခဲ့ခြင်းဖြစ်သည်။ ရွှေဆိုင်းလုပ်ကို်င်မှုအနေဖြင့် အော်ဒါအမှာရှိလျှင်ရှိသလို ထုတ်လုပ်လေ့ရှိသည်။ ရွှေပြားခတ်သည့်ခုံ ကိုလည်း အပိုလုပ်ထားရလေ့ ရှိသည်။ ရွှေပြားထုခတ်ရာတွင် ကာယအင်အားကို ဉာဏနှင့်ပေါင်းစပ် လုပ်ကိုင်ရသည်ဖြစ်၍ လုပ်သားများသည် ကျန်းမာ သန်စွမ်းရန်လိုအပ်လှသည်။  အစုအဖွဲ့နှင့်လုပ်ရခြင်းကြောင့် မခိုမကပ် သွက်လက်ပေါ့ပါးစွာ လုပ်ကိုင်ကြ ရသည်။  တန်ဖိုးကြီးထုတ်ကုန်ကို ပြုလုပ်နေကြရသဖြင့် တာဝန်ယူတတ်မှု၊ ကိုယ်ကျင့် သိက္ခာ ပြည့်စုံမှုရှိရန် အရေးကြီးသည်။ ခွန်အားကို စိုက်ထုတ်လုပ်ကို်င် နေကြရခြင်းများကြောင့်  ညဖက်အိပ်ရေးပျက် နေသူ များ ရှိနေလျှင် လုပ်ငန်းခွင်ဝင်ရန်ခွင့်မပြုရဘဲ အနားပေးရသည်။ ထုခတ်ရသည့် ၁၀ ပေါင်တူ၏အရိုးကို ပိတောက် သား ကဲ့သို့ မာကျောကျစ်လစ်သောသစ်ကိုသုံးရသည်။  သစ်အမာသားကို အသုံးပြုရသည် ဆိုသော်လည်း မန်ကျည်း၊ ပျဉ်းကတိုး စသည့် သစ်များကို အသုံးပြု၍မရပေ။ ပိတောက် မဟုတ်ဘဲ အခြားသစ်အမာသားကို တူရိုးအဖြစ်သုံးမည်ဆိုပါက သစ်သား များဖွာထွက်တတ်ပြီး လက်ဖုဝါးကို ကွဲရှတတ်သည်။ ရွှေခတ်လုပ်သား များသည် လက်ဆီ ချောမွေ့ပြီး ထုခတ်ရာ တွင် အဆင်ပြေမှု ရှိစေရန် နံနက်လင်း သည်နှင့် လုပ်ငန်းခွင်မဝင်မီ ရေနွေးအိုးနွေးနွေးတွင် လက်ဖဝါး နှစ်ဖက်ကို ထိကပ်အပူ ပေးရသည်ဟု သိရသည်။ ရွှေပြားခတ်နေချိန်အတွင်း လက်ကိုရေစိုမှုမရှိစေရန် ဂရုပြုရသည်။ ထမင်းစားသည့် အခါ တွင်လည်း လက်ကို ရေမစိုစေရန် ဇွန်းကိုအသုံးပြု စားသောက်ကြရသည်။ ပင်ပန်းမှုရှိသလောက် ဝင်ငွေကောင်း သည့်လုပ်ငန်း ဖြစ်ခြင်းကြောင့်လည်း ရွှေဆိုင်း လုပ်သားများသည် ကြိုးစား လုပ်ကိုင်လျှက်ရှိကြသည်ကို တွေ့ရသည်။

ဈေးကွက်တင်ပို့ဖို့ အသင့်ဖြစ်နေတဲ့ ရွှေဆိုင်းများ

ရွှေလုပ်သားတို့၏ဝင်ငွေ

                ရွှေဆိုင်းခတ်သည့် မျက်ပါးရပ်တွင် လုပ်ခလစာနှင့်ပတ်သက်သည့် ဒေသစဉ်းမျဉ်းတစ်ခု သတ်မှတ် ထားပြီး အလုပ်ရှင် လုပ်သား အားလုံးလိုက်နာကြရသည်။ မန္တလေးမြို့ မျက်ပါးရပ်တွင် ရွှေဆိုင်းလုပ်ငန်းပေါင်း ၁၅၀ ခန့်ရှိပြီး ထိုလုပ် ငန်း အားလုံးက သတ်မှတ်ရေးဆွဲထားသည့် လုပ်ငန်းစည်းမျဉ်းကို လက်ခံကြသည်။ ထိုအချက်များမှာ ရွှေလုပ်သားတို့ အ တွက် ပေးရမည့်လုပ်ခလစာကို အများသဘောတူ ဆုံးဖြတ်သတ်မှတ် ရမည်။ နှစ်နှစ်ပြည့်မြောက်သည်နှင့် ထိုသတ်မှတ် ထား ချက်သည် ပျက်ပြယ်ပြီး နော်ထပ်နှစ်နှစ်အတွက် ပြင်ဆင် သတ်မှတ်ကြရမည်။ ငွေကြေးတတ်နိုင်သဖြင့် လုပ်သားကို အများ ထက်ပိုပြီး ပေးခြင်းနှင့်  သတ်မှတ်ချက်ထက် လျော့ပေးခြင်းကို မပြုလုပ်ရပေ။ ယခု သတ်မှတ်ထားသည့် လုပ်ခနှုန်း ထားများ မှာ အမျိုးသားတစ်ဦးသည် တစ်ရက် ၁၅၀၀၀ မှ ၂၀၀၀၀  ကျပ် အတွင်းခံစားခွင့်ရှိပြီး အမျိုးသမီးတစ်ဦးသည် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အတွင်းဖြစ်ကြောင်း သိရသည်။ ယင်းသတ်မှတ်ထားချက် နှစ်နှစ်အတွင်းသာဖြစ်ပြီး ကာလပြည့် မြောက် သည်နှင့် ရွှေလုပ်သားများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များအားလုံး တစ်ကြိမ်ပြန်လည် စည်းဝေးညှိနှိုင်းကာ ခေတ်ကာလ နှင့် လိုက်လျောညီထွေသော လုပ်ခလစာကို သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရွှေလုပ်သားတို့၏ လုပ်ခကို လစာ အနေ ဖြင့်ပေးဆောင်ခြင်း မဟုတ်ဘဲ လုပ်ကိုင်နိုင်စွမ်းပေါ်တွင် ပြန်လည်ချီးမြှင့်ခြင်းဖြစ်သည်။ မြန်မာပြည်အရပ်ရပ်ရှိ ဘုရား စေတီများအတွက် ကပ်လှူပူဇော်နိုင်ရန် မြန်မာရိုးရာလက်မှုနည်းပညာဖြင့် ရွှေဆိုင်းပြုလုပ်ပေးနေသော အရပ် ဒေသ မှာ မန္တလေးမျက်ပါးရပ်တစ်ခုတည်းသာ ရှိသည်ဖြစ်ခြင်းကြောင့် ရွှေဆိုင်း လုပ်ငန်းသည် ဝင်ငွေမြင့်မားသော လုပ်ငန်း ဟုဆိုရ မည်။  လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှပ်နှံငွေပေါ် အကျိုးခံစားခွင့်ကြီးသလို လုပ်အားစိုက်ထုတ် လုပ်ကိုင်ရသူ များအ ထွက် လည်း သင့်တော်ပြည့်မှီသည့် အခ ကြေးငွေ ကိုရရှိနိုင်ကြသည်။ ဝင်ငွေမြင့်မားသည့်အတွက် မျက်ပါးရပ်သို့ အနယ် နယ်အရပ်ရပ်မှ အလုပ် ဝင်ရောက်လာသူများကိုလည်း တွေ့ရှိရသည်။ အထူးသဖြင့် မြေလတ်ပိုင်းဒေသများ၊ မန္တလေးအထက် ပုပ္ပါး၊ ပုဂံ ညောင်ဦးနှင့် နီးနားကျေးရွာမှ လုပ်သားများသည် မျက်ပါးရပ်သို့ လာရောက်ကာ ရွှေဆိုင်းလုပ်ငန်းသို့ ဝင်ရောက် လုပ်ကိုင်သည်ဟုသိရသည်။ လုပ်ငန်းရှင်များကလည်း အဆက်အစပ်ရှိသူများ၊ အဆက်အသွယ်ရှိသူများကို ဦးစားပေး ခေါ်ယူကြသည်။ ခေါင်းရင်းခန်းတွင် အမြတ်တနိုးထားရသည့် ကုန်ပစ္စည်းဖြစ်ခြင်းနှင့် တန်းဖိုးကြီး မြင့်သည့် ရွှေထည်လုပ် ငန်းဖြစ်ခြင်းကြောင့် စိတ်ချယုံကြည်ရမည့် သူများကိုသာဦးစားပေး ရွေးချယ်ကြရခြင်း ဖြစ်သည်။ မျက်ပါးရပ်သည် မန္တလေး၏ မြို့တည်နန်းတည် မင်းတုန်းမင်းကြီး လက်ထက်တော်ကတည်း တည်ရှိ နေသည့် အရပ်ဖြစ်ခြင်းနှင့် ရွှေဆိုင်း ပညာသည်များ အစုအဖွဲ့အလိုက်တည်ရှိ နေရာအရပ်ဖြစ်ခြင်းကြောင့် လိုအပ်သည့် လုပ်သားပညာရှင်များကို လွယ်လွယ် ကူကူ ရှာဖွေရရှိနိုင်ပေသည်။ ပညာရှင်လုပ်သားများ အစဉ် တစိုက် လုပ်ကိုင်ဆောင်ရွက် လာကြခြင်းကြောင့် မြန်မာ့ လက်မှု အနု ပညာလုပ်ငန်းအတွက် မျက်ပါးရပ်သည် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လျှက်ရှိသည်။

လုပ်ငန်းသုံးကိရိယာများ

မျက်ပါးရပ်ကို ထိုးနှက်လာသူများ

                မြန်မာရွှေဆိုင်းပညာကဲ့သို့ လက်မှုပညာရပ်အဓိကအသုံးပြုသော လုပ်ငန်းများသည် အိမ်နီးချင်းထိုင်း နိုင်ငံတွင်  ထွန်းကားခဲ့ဖူးသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခြင်းကြောင့် ထိုင်းနိုင်ငံသည်လည်း ဘာသာရေးကို အခြေခံ ကာ ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြဖူးသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက် လာခြင်းနှင့် အတူ ထိုင်း၏ လက်မှုရွှေဆိုင်း ပညာရပ်များသည် စက်မှုခေတ်တွင် ပျောက်ကွယ်တိမ်မြုပ်ခဲ့ရသည်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရန်ကုန်မြို့တွင် ရွှေဆိုင်းကို ခေတ်မှီနည်းပညာမြင့် စက်ကြီးများဖြင့် ထုတ်လုပ် ပေးနိုင်သော စက်ရုံတစ်ခုတည်ထောင်ဖွင့်လှစ်ခဲ့သည်။ နိုင်ငံပိုင်သတင်းစာကြီးများမှလည်း စျေးနှုန်းသက်သာပြီး အရည်အသွေးပြည့်မှီသော ရွှေဆိုင်းများကို လိုအပ်သလောက် ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ ရွှေပြားကို လက်ဖြင့်ထုခတ်သည့် အနေအထားမှ စက်ဖြင့်လိုအပ်သလို ထုတ်ထုပ်ဖြန့်ချိနေခြင်းဖြစ်သည်။ လိုအပ်သလောက်အရေအတွက်ကို အချိန်အနည်းငယ်အတွင်း စက်ဖြင့်ပြုလုပ်ပေး နိုင်သည်။ စျေးနှုန်းမှာ မျက်ပါးရပ်ထက် သက်သာသည်။ စျေးကွက်အတွင်း နေရာတစ်ခုရယူထားရုံမက စေတီတော် များအတွက် လည်း တင်ဒါခေါ်သည့်အခါ ဝင်ရောက်လျှောက်ထား ပေးသွင်းနေပြီဖြစ်သည်။ မန္တလေးမျက်ပါးရပ်ကို တိုက်ရိုက် ထိုးနှက်လာသော စိန်ခေါ်မှုတစ်ခုဟု ဆိုရပေမည်။ ယခင်အခါက ရွှေတိဂုံစေတီတော်၊ မဟာမြတ်မုနိဘုရား၊ ကျိုက်ထီးရိုး စေတီတော် အစရှိသည့် သမိုင်းဝင်အထင်ကရ ဘုရားစေတီများမှ နှစ်စဉ် လိုအပ်ချက်အလိုက် ရွှေဆိုင်း တင်ဒါခေါ်သည့်အခါ မျက်ပါးရပ်လုပ်ငန်းရှင်များအနေဖြင့် ၀ိုင်းဝန်းအင်အား၊ ညီညွတ်မျှတသော အခွင့်အရေးများဖြင့် တင်ဒါခေါ်သောအရေအတွက်ကို စုပေါင်းလုပ်ကို်င်ပေးသွင်းခဲ့ကြသည်။ အခက်အခဲကြီးကြီး မားမား မတွေ့ခဲ့ကြပေ။ လိုအပ်ချက် အခက်အခဲရှိလာသည့်အခါတိုင်းလည်း အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ညှိနိူင်းအဖြေရှာ ဆောင်ရွက်ခဲ့ကြသည်။ ယခုကြုံရသည့် ပြဿနာမှာ မျက်ပါးရပ်မှ လုပ်ငန်း ရှင်များ၊ ရွှေလုပ်သားများ၏ ရပ်တည်မှုကိုပါ ထိခိုက်ထိုးနှက်လာသည့် အနေအထားဖြစ်လာသည်။ ရွှေဆိုင်း လက်မှုပညာရှင်များနှင့် မြန်မာ့ ရှေးဟောင်းဓလေ့ အမွေအနှစ်ကို စောင့်ရှောက်ကြသူများအဖို့ ထိုအရေးကို သွေးအေးနေမည်ဆိုပါက ထိုင်းကဲ့သို့ပင် မြန်မာ့အမွေအနှစ် ရွှေမျက်ပါးခတ်ပညာရပ်သည်လည်း တဖြည်းဖြည်း နှင့် ပျောက်ကွယ်ရပေလိမ့်မည်။ စက်မှုနည်းပညာရပ်များ ဖွံ့ထွားလာခြင်းကြောင့် လူသားအကျိုးပြုလုပ်ငန်းများ၊ လူမှုဝန်းကျင် အခြေအနေ တိုးတက်မြင့်မားလာသည်ကို ကြိုဆိုလက်ခံရမည် ဖြစ်သော်လည်း နှစ်ပေါင်းရာချီ တည်တံ့လာခဲ့သည့် အမွေအနှစ်ပညာရပ်များ၊ လက်မှုလုပ်ငန်းများ ပျောက်ကွယ်ဆုံးရှုံး ရမည်ဆိုပါက လက်ခံ နိုင်စရာ အကြောင်းမဟုတ်သည်ကို သတိပြုသင့်ကြောင်း တိုက်တွန်းပါသည်။

မျက်ပါးရပ်မှအတွေး

နံနက်လင်းပြီဆိုသည်နှင့်ရွှေဆိုင်းပြုလုပ်ထုခတ်နေသည့် တုံ တုံ တုံ နှင့် သာယာနာပျော်ဖွယ် အသံများကို မျက်ပါးရပ်တွင် ကြားနေရပြီဖြစ်သည်။ ရွှေဆိုင်းလုပ်ငန်းသည် မြတ်ဘုရားကို ပူဇော်လှူဒါန်းမည့် ရွှေသင်္ကန်းတော်မြတ်ကို ရွှေစင်ရွှေသား အစစ်ဖြင့် ထုခတ်ပြုလုပ်ပေးရသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် စိတ် စေတနာကောင်းထားလျှင် လွန်စွာကုသိုလ်ရသော မွန်မြတ်သည့်အလုပ်ဖြစ်ပေသည်။ မျက်ပါးရပ်မှဘိုးဘွား အမွေအနှစ် ဂုဏ်ယူစရာပညာရပ်ကို ဆက်လက်တည်တံ့ စေချင် ပါသေးသည်။ ရွှေကို အမှုန့်နီးပါးအထိ ပြားကပ် သွားစေရန်  လက်ဖြင့်ထုခတ်ပြုလုပ်သော မြန်မာ့အနုလက်မှုပညာရပ်သည် ယဉ်ကျေးမှုမြို့တော် မြန်မာတို့၏ မန္တလေးတွင် ဆက်လက်ရှင်သန် နေစေချင်သေးသည့်အကြောင်း မျက်ပါးရပ်မှ တွေးတော နေမိပါတော့သည်။

(အစစအရာရာအကူအညီပေးပါသော မန္တလေးမြို့မျက်ပါးရပ်မှ ဂဠုံမင်းရွှေဆိုင်းလုပ်ငန်းပိုင်ရှင် လေးလေးဦးအုန်းမောင် နှင့် ရွှေလုပ်ငန်းပညာရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။)

Leave a Reply

Your email address will not be published.